
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ ခလရ (၂) တပ်ကို KNLA နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၁ ရက် မနက် ၈ နာရီလောက်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ (၁)နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ အမှတ်(၂) ခြေလျင်တပ်ရင်းထဲကို ၄၀ မမ နှစ်လုံး သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၇ ယောက် ပြင်းထန် ဒဏ်ရာရှိတာ ဖြစ်ပါတယ်။ ပြင်းထန်ဒဏ်ရာရှိသူ တယောက်က ကျိုက်ထို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ထပ်မံ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) အတွင်းရေးမှူး ပဒိုစောစိုးမြင့်ကတော့ ဖုန်းအဆက်အသွယ် မရသေးတဲ့အတွက်ကြောင့် မြေပြင်တိုက်ပွဲ ဖြစ်စဉ် အသေးစိတ် အချက်အလက်ကို မသိရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
တိုက်ခိုက်မှုပြီးနောက် ကျိုက်ထိုတော်လှန်ရေးအင်အားစုက စစ်ကောင်စီရဲ့ လက်ပါးစေတွေ၊ သတင်းပေးဒလန်တွေနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ (၁) ဟာ အခုနောက်ပိုင်းမှာ ဒေသခံ PDF တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်တာနဲ့ မိုင်းဆွဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်ထားပါတယ်။
စစ်ကောင်စီတပ်တွေကလည်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲကို စစ်အင်အားတိုးချဲ့တာနဲ့ စစ်ရေးလှုပ်ရှားမှု ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။