မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်မှာ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကျွန်းလုံးဥသျှောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ညနေ ၃ နာရီကျော်အချိန်က လက်လုပ်ဗုံးနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ပျက်စီးတာတော့ မရှိခဲ့ပါဘူး။
ညနေ ၄ ရီကျော်အချိန်မှာလည်း ကျွန်းလုံးဥသျှောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး မီးသတ်ရုံးရှေ့မှာ ထပ်မံပေါက်ကွဲမှုဖြစ်ခဲ့ပြီး အနီးနားရှိ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွကနေပြည်သူတစ်ဦးက “ညနေပိုင်းမှာတင် ဗုံးနှစ်လုံးကွဲတ။ နှစ်လုံးစလုံးက ရပ်ကွက်ရုံးနားကွဲတာ။ ဒုတိယ အလုံးကွဲတော့ ဘေးနားက ဆိုင်ကယ်ကယ်ရီသမား တစ်ယောက် နည်းနည်းဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ နောက်ပြီး ကားတချို့လည်း ဗုံးအစအန မှန်တာရှိတယ်လို့ ကြားတယ်” လို့ ဆိုပါတယ်။
ဒီလို ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ အနီးအနားပတ်ဝန်းကျင်မှာ စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။