မန္တလေး၊ ချမ်းမြသာစည်မြို့နယ် လဝကရုံးမှာ ဩဂုတ် ၁၈ ရက် ညနေပိုင်းက ပေါက်ကွဲခဲ့တာကြောင့် လူ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ညနေ ၃ နာရီလောက်မှာ ဆိုင်ကယ်စီးအမျိုးသား ၂ ယောက်က လဝကရုံးအရှေ့ကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက်မောင်းနှင်သွားတာဖြစ်ပြီး ရုံးအရှေ့ဆိုင်ကယ်ရပ်နားရာနေရာမှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်ပစ်ဗုံးပေါက်ကွဲတာကြောင့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းပြုလုပ်ဖို့ စောင့်နေကြတဲ့ အရပ်သား အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၃ ယောက်တို့မှာ ဗုံးစထိမှန်သွားပြီး လက်၊ ပေါင်နဲ့ ရင်ဘတ်တို့မှာ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “အားလုံး ၇ ဦးမှာ အမျိုးသမီးက ၄ ဦးပါတယ်၊ အသက် ၂၄ နှစ်၊ ၄၇ နှစ်က တယောက်၊ အသက် ၆၇ နှစ် အဘွားကြီးကတယောက်၊ ၅၄ နှစ်က တယောက်ပါ၊ လဝကဝန်ထမ်းတော့ မပါဘူး၊ မှတ်ပုံတင်လာလုပ်တဲ့ သူတွေပဲလို့ ပြောတယ်၊ ပေါင်တို့ လက်ဖျံတို့၊ ရင်ဘတ်မျက်နှာမှာ အစတွေ မှန်ထားတယ်၊ မန္တလေးဆေးရုံကြီးပဲ ပို့ထားပါတယ်” လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုအပြီးမှာ ချမ်းမြသာစည်ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီဘက်က လာရောက်စစ်ဆေးခဲ့ပြီး အနီးအနားနေသူတွေကို ခေါ်ယူစစ်ဆေးသွားတယ်လို့ သိရတဲ့အပြင် ညနေ ၃ နာရီ ၁၀ မိနစ်လောက်မှာလည်း ချမ်းမြသာစည်တောင်ရပ်ကွက်၊ ရပ်ကွက်ရုံးမှာ ပေါက်ကွဲမှုတခုထပ်ဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူမရှိဘူးလို့ သိရပါတယ်။
ထိခိုက်မိသူတွေကို အရပ်ဘက်ကယ်ဆယ်ရေးအသင်းယာဉ်တွေနဲ့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပြီး ဗုံးပေါက်ပစ်မှုဟာ ဘယ်အဖွဲ့က လုပ်ဆောင်တယ်လို့တော့ မသိရသေးပါဘူး။