မန္တလေး ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ ဧရာထွန်းလမ်းမကြီးပေါ်ရှိ လူနေဆိုင်ခန်းတွေပေါ်ကို စက်တင်ဘာ ၁၁ ရက် ညပိုင်းက သစ်ပင်လဲကျတာကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မန္တလေးမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
အဲဒီညပိုင်း ၁၀ နာရီ ၄၅ မိနစ်ခန့်က လေပြင်းတွေ တိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဝင်း အတွင်းက ဖျောက်ဆိပ်ပင်ဟာ ကျောင်းရှေ့ရှိ ဆိုင်ကယ်ပြုပြင်ရေးဆိုင်နဲ့ ဈေးဆိုင်ပေါ်ကို လဲကျခဲ့ တာဖြစ်ပါတယ်။
ဆိုင်ခန်းတွေအတွင်းမှာ နေထိုင်တဲ့ အသက် ၈၀ ကျော် အဘိုးအို ၁ ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတဦးရဲ့ ဦးခေါင်း၊ မျက်နှာတို့မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး လမ်းသွားလမ်းလာ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးမှာ သစ်ကိုင်းရိုက်မိဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
သံလျှက်မှော်တောင်အရန်မီးသတ်တပ်ဖွဲ့ဝင်တဦးက“ ဖျောက်ဆိပ်ပင်လဲတော့ ဘေးက ဆိုင်ခန်း တွေ ထိသွားတာပါ။ ဆိုင်က နှစ်ဆိုင် လူက သုံးဦးထိခိုက်ပါတယ်။ လမ်းပွင့်တဲ့အထိ ညပိုင်းက ရှင်းလင်း နိုင်ခဲ့ပါတယ်။ အသက် ၈၀ ကျော် အဘိုးကြီးတဦး ပါတယ်” လို့ ဆိုပါတယ်။
သစ်ပင်လဲကျကာ လမ်းပိတ်ဆို့နေတဲ့နေရာကို ချမ်းမြသာစည်မြို့နယ် သန္ဓေမီးသတ်နဲ့ သံလျှက် မှော်တောင်အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရပ်ဖက်အသင်းတွေက ပူးပေါင်းရှင်းလင်းကယ်ဆယ် ခဲ့ကြတာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက် မနက်အစောပိုင်း ၁၂ နာရီ ၃၅ မိနစ်ခန့်မှာ ရှင်းလင်း နိုင်ခဲ့ကြပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို သံ/တောင်အရပ်ဖက်အသင်း လူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။