စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ရွာသား လူငယ်နှစ်ယောက်ကို ဆိုင်ကယ်နှစ်ယောက်တွဲစီးတာကြောင့် ရှိမ်းမကားရဲစခန်းကနေ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ကျေးရွာသားနဲ့ ကျောက်တာကျေးရွာသားလို့သိရပြီး နိုဝင်ဘာ ၂၃ ရက်နေ့က ဆိုင်ကယ်နှစ်ယောက်တွဲ စီးနင်းကာ ကျောက်တာကျေးရွာကို ခရိုင်ချင်းဆက်လမ်းပေါ်ကနေ ကူးသန်းသွားလာကြစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တာပါ။
လူငယ် နှစ်ယောက်ကို ရှိမ်းမကားရဲစခန်းကိုခေါ်ဆောင်ကာ နိုဝင်ဘာ ၂၆ ရက်က ခြိမ်းခြောက် ငွေတောင်းခဲ့တာလို့ ဒေသခံက ပြောပါတယ်။
“ရဲစခန်းက ဖမ်းဆီးခံရတဲ့သူတွေရဲ့ အိမ်ကိုဆက်သွယ်ပြီး ပိုက်ဆံ ကျပ်သိန်း ၃၀ နဲ့ လာရွေးခိုင်းတယ်။ သူတို့နှစ်ဦးကို လာမရွေးရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ သူတို့နှစ်ဦးရဲ့ မိသားစုဝင်တွေက ပိုက်ဆံ ကျပ်သိန်း ၃၀ ပေးပြီး ရှိမ်းမကားရဲစခန်းကနေ ရွေးခဲ့ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ နိုဝင်ဘာလကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသား ၂ ယောက်အတူတွဲပြီး ဆိုင်ကယ်မစီးဖို့အပါအဝင် ဆိုင်ကယ်စီးနင်းမှုနဲ့ ပတ်သက်လို့ ကန့်သတ် တားမြစ်ချက်တွေကို အမျိုးမျိုးထုတ်ပြန်ထားခဲ့ပြီး မလိုက်နာသူတွေကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတဲ့အထိ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။