မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းမှာပဲ နေရာ ၅ ခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုဟာ သထုံမြို့ ကမ္ဘာ့ရတနာဘဏ်အနီးမှာ တစ်ကြိမ်၊ ကညနရုံးအနီးမှာ တစ်ကြိမ်၊ လိပ်အင်း၊ နန်းခဲနဲ့ ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေအနီးမှာ တစ်ကြိမ်စီ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာနဲ့ ပျက်စီးဆုံးရှုံးတာ မရှိတဲ့အတွက်ကြောင့် အသံဗုံးဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တော်မူကျေးရွာအနီးမှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး၊ မြို့အဝင်အထွက် ဂိတ်တွေမှာလည်း ရှာဖွေ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် မွန်-သထုံ အထူးကာကွယ်ရေးအဖွဲ့က သထုံမြို့ ပြည်သူတွေအနေနဲ့ အိမ်ထဲမှာပဲ နေထိုင်ပေးကြဖို့နဲ့ နေအိမ်အပြင်မှာ ရောက်နေတဲ့ မိသားစုဝင်တွေရှိရင် အမြန်ဆုံးအကြောင်းကြားပြီး ပြန်ခေါ်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပေါက်ကွဲမှု ဖြစ်ပေါ်နေရာကို ထွက်ကြည့်တာတွေနဲ့ ပေါက်ကွဲမှု အနီးဝန်ကျင်းမှာ ရှိရင် အဝေးဆုံးနေရာကို ချက်ချင်းထွက်ခွာပေးကြဖို့ တောင်းဆိုထားပါတယ်။