ရန်ကုန်နဲ့ ပဲခူးတိုင်းတို့မှာ နိုဝင်ဘာ ၂၃ နဲ့ ၂၄ ရက်နေ့တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃ ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင် နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်း လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်နဲ့ ပစ်ခတ်ခံရပါတယ်။
မျက်မြင်တစ်ဦးက “ဒီမနက် ၈ နာရီလောက်က၊ ၅ ရပ်ကွက် စျေးထိပ်က လက်ဖက်ရည်ဆိုင်မှာ အပစ်ခံရတာပါ။ လာပစ်တဲ့သူတွေက ဘယ်သူဘယ်ဝါရယ်တော့ မသိလိုက်ဘူး။ သေနတ်နဲ့ လေးချက်လောက်ပစ်သွားတာ။ အုပ်ကြီးကထပြေးလို့ သေနတ်မမှန်လိုက်ဘူး” လို့ ပြောပါတယ်။
အလားတူ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ် ၂၉ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည် ဟာလည်း နိုဝင်ဘာ ၂၄ ရက်မနက် ၉ နာရီလောက်က လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ပစ်ခတ်ခံရတာကြောင့် ဆေးရုံတင်ပို့ထားရတယ်လို့ မြောက်ဒဂုံဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်၊ ည ၉ ဝန်းကျင်လောက်ကလည်း လှိုင်သာယာမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမာခံတပ်စွဲထားတဲ့ တပ်မတော်အထည်ချုပ်စက်ရုံ၊ မြစိမ်းရောင်အိမ်ယာအနီးနဲ့ ရွှေလင်ပန်းကျောင်ရှေ့မှတ်တိုင်အနီးရှိ နေရာ ၃ နေရာကို လှိုင်သာယာမြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ (HRDF) က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စိုင်တမော့လေးရွာက အာဏာသိမ်းစစ် ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး နိုဝင်ဘာ ၂၃ ရက်နေ့ည ၁၁ နာရီခွဲဝန်းကျင်က နေအိမ်မှာ ဦးခေါင်းကို ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မိသားစုနဲ့နီးစပ်သူတဦးက “အုပ်ချုပ်ရေးမှူး ဦးအေးမင်းစိုးက ညပိုင်း သူ့မိန်းမနဲ့ လယ်ထဲကတဲမှာ အိပ်နေတုန်း ခေါင်းကိုပစ်သွားတာပါ'' လို့ ပြောပါတယ်။
ဦးအေးမင်းစိုးဟာ စစ်တပ်ကထွက်ပြေးပြီး ထောင်ကျခဲ့သူတဦးဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီက ခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
အဆိုပါပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်သွားတယ်ဆိုတာတော့ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
ရေတာရှည်မြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း အောက်တိုဘာ ၃၀ ရက်နေ့ နောက်ဆုံးထားနုတ်ထွက်ကြဖို့နဲ့ ရာထူးကနေ မနှုတ်ထွက်သူနဲ့ မိသားစုတွေရဲ့ အသက်အန္တရာယ်ကို တာဝန်မယူကြောင်း ရေတာရှည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။