ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား ပြည်သူ အယောက် ၃၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တွံတေးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်သား ၂ ယောက်သတ်ခံရပြီးနောက်မှာ ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေတာပါ။
"အယောက် ၃၀ ကျော်လောက်ဖမ်းထားတယ်။ စမ်းရွာက အိမ်တအိမ်မှာ ချုပ်ထားတယ်။ ဟိုနေ့ကလည်း ရွာဥက္ကဋ္ဌအပါအဝင် စမ်းရွာက တရွာလုံးကို လမ်းမပေါ်ထွက်ထိုင်ခိုင်းပြီး ဖုန်းတွေကို စစ်တယ်။ တကယ်တော့ လူတွေကို လှန့်တာ"လို့ ဒေသခံတယောက်က ပြောပါတယ်။
တွံတေးလမ်းမကြီးတလျှောက်က ကံဘဲ့၊ စမ်းရွာ၊ ပေါက်တော၊ လာကပုံ၊ ကျိုက်သလဲနဲ့ ဘုရားကြီးရွာတွေကို စစ်တပ်က နေ့တိုင်းလိုလို စိတ်ထင်တိုင်းဝင်ရောက်စစ်ဆေးနေတာလို့ ရွာသားတွေက ပြောပါတယ်။
စစ်သား ၂ ယောက်ပစ်သတ်ခံရတဲ့နေ့ ညပိုင်းမှာ စစ်တပ်က ရွာတွေကို ဝင်ရောက်ပြီးနောက် မိန်းကလေးငယ်တယောက်ကို စတင်ဖမ်းဆီးသွားခဲ့ပြီး အအခုထိ ပြန်မလွတ်သေးပါဘူး။
ပြီးတော့ ကျေးရွာတွေမှာ ကျောင်းသူကျောင်းသားတွေ ကျောင်းတက်ဖို့ကိုလည်း စစ်ကောင်စီက အတင်းအကျပ်ဖိအားပေး နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။