ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ လာကပုံကျေးရွာမှာ ဇန်နဝါရီ ၂၅ ရက် မနက် ၆ နာရီလောက်က အကျဥ်းဦးစီးဌာနဝန်ထမ်းဟောင်းတဦးရဲ့နေအိမ် ဓားပြတိုက်ခံရပြီး လင်မယားနှစ်ယောက် ထိခိုက်ဒဏ်ရာရကာ ရွှေ ၁၀ ကျပ်သားနဲ့ ငွေကျပ် သိန်း ၆၀ ပါသွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒေသခံတဦးက “လင်မယားနှစ်ယောက်စလုံးကို ပစ်သွားတာ။ အသက်အန္တရာယ်စိုးရိမ်ရတယ်။ ရွှေတွေ ငွေတွေ ပါသွားတယ်။ ဒဏ်ရာရတဲ့ လင်မယားနှစ်ယောက်ကို လူနာတင်ယာဥ်နဲ့ ဆေးရုံကိုပို့လိုက်တယ်”လို့ ပြောပါတယ်။
ပစ်ခတ်ခံရသူ လင်မယားမှာ အကျဥ်းဦးစီးဌာနမှ ဝန်ထမ်းဟောင်းတဦးဖြစ်သူ ဦးအောင်ထွေးနဲ့ဇနီး ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာတွေနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“နှစ်ဦး အပစ်ခံရတာ အမျိုးသားက ပိုပြီးစိုးရိမ်ရတယ်။ ခေါင်းကိုအပစ်ခံရတာ။ ရွှေ တဆယ်သားနဲ့ ငွေသိန်းခြောက်ဆယ် ပါသွားတယ်”လို့ ရှင်းပြပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေဟာ လာကပုံကျေးရွာနဲ့ အနီးတဝိုက်မှာ အိမ်စီးကား အပါအဝင် လမ်းသွားလမ်းလာတွေပါ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တွံတေးမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကလည်း ကျေးရွာတချို့မှာ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေရဲ့ ဓားပြတိုက်မှု နှစ်ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။