မကွေးတိုင်း မြိုင်မြို့နယ်လက်ပံတို ရေနံမြေကနေ သယ်ဆောင်လာတဲ့ စစ်ကောာင်စီ ရေနံ ဆီဘောက်ဆာ ယာဉ်တွေနဲ့ လုံခြုံရေး ယူလာတဲ့ယာဉ်ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၇ ဦးသေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ် လက်ပံတိုရေနံမြေက ယာဉ်တန်း ၁၀ စီးကို နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်က ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
ယာဉ်တန်းကို လက်ပံတို- အရာတော်လမ်းပေါ်မှာ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFနဲ့ မြိုင် PDF အဖွဲ့ခွဲ မြေခွေးပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရှော့တိုက်ဒုံးတွေ၊ အဝေးထိန်း မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးနဲ့ ပြင်ပ ဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။
ဆီဘောက်ဆာယာဉ်တစ်စီး၊ စက်ကလေးတင်ဆောင်လာတဲ့ ယာဉ် ၁ စီး ထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ဆီသယ်ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။