စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာ ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၃ ရက်နေ့မှာ ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေမျက်ကျေးရွာက နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီလောက် အကြမ်းဖက်စစ်တပ် အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ရွာသားအားလုံး ထွက်ပြေးတိမ်းရှောင်နေကြစဉ် နိုဝင်ဘာ ၂၃ ရက်က ရွာကိုအလည်သွားတဲ့ လယ်တောမှာ နေသူတစ်ဦး အသတ်ခံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရေမျက်ရွာရဲ့ အနောက်ဘက်ထဲမှာ ယာခင်းလုပ်ကိုင်စားသောက်ပါတယ်။ ရွာကို အလည်လာတုန်းမှာ စစ်ကြောင်းနဲ့တိုးပြီး အခုလို ရက်ရက်စက်စက် သတ်ဖြတ်တာခံခဲ့ရတာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူရဲ့ဇနီးဖြစ်သူက “ရေမျက်သွားဦးမယ်ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတာ ပျောက်နေတာ အခု ဒီလိုပုံနဲ့ ပြန်တွေ့ရတော့ ဘယ်လိုဖြေလို့ရမှာလဲ။ သူများနယ်မြေမှာ လာရောက်လုပ်ကိုင်စားရတာ သားဖြစ်သူကလည်း အနားမှာရှိတာမဟုတ်တော့ အားငယ်တာပေါ့ ဘယ်သူ့အားကိုလို့ ကိုးရမှန်းကို မသိတော့ပါဘူး” လို့ ငိုယိုပြီး ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က သတ်ဖြတ်လို့ သေဆုံးသူဟာ မုံရွာမြို့နယ်ဇာတိဖြစ်ပြီး၊ မိသားစုလိုက် ရေဦးမြို့နယ်အတွင်း လာရောက်နေထိုင်ကာ တောထဲမှာနေပြီး ယာခင်းစိုက်ပျိုး လုပ်ကိုင်စားသောက်နေကြတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က ရေမျက်ရွာကို ဒုတိယအကြိမ် ဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပြီး ပထမအကြိမ်ဝင်ရောက်စဉ်ကလည်း နေအိမ်တွေ ဖျက်ဆီးသွားတာကြောင့် အခုအကြိမ် စစ်တပ်လာမယ်ကြားကတည်းက စစ်ဘေးရှောင်နေရတာလည်း ၅ ရက်လောက် ရှိသွားပြီလို့ သိရပါတယ်။
ရေဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရေမျက်၊ တမာတော၊ အုတ်ဖို၊ ထောက်ကြန့်၊ အောင်ငဲ့ဇင် စတဲ့ကျေးရွာ ၂၀ လောက်ကို စစ်ကြောင်းထိုးမွေနှောက်ဖျက်ဆီးနေတာဖြစ်ပါတယ်။