စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ရွာကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (People's Liberation Army -PRA) နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဘုန်းကြီးကျောင်း အပါအဝင် ဘန်ကာအများအပြား တည်ဆောက်ကာ အခိုင်အမာ တပ်စွဲထားသော ရွာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၄ ရက်၊ နံနက် အရုဏ်တက်ချိန်မှာ ဝင်တိုက်ခိုက်ခဲ့တာပါ။ နောက်ဆုံး ဘုန်းကြီးကျောင်းစခန်းကွင်းထဲထိ လိုက်ပစ်နိုင်ခဲ့ပါတယ်။ ရွာကိုသိမ်းဖို့ကြိုးစားခဲ့ပေမယ့် Mi-35 ပစ်ကူ ရောက်လာတာကြောင့် ပြန်ဆုတ်ခွာခဲ့ပါတယ်။ သုံ့ပန်း ၇ ဦး ၊ ကျည်အချို့၊ ငွေသားအချို့ ဆိုင်ကယ် ၂ စီး ရရှိခဲ့ပါတယ်။ ဒေသခံလူထုသတင်းပေးချက်နဲ့ စစ်ကြောင်းတွေရဲ့ မျက်မြင်တွေ့ရှိမှုအရ ရန်သူ ၁၀ ဦးခန့်သေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရတယ်လို့ သိရပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကတော့ ၇ ဦး ဒဏ်ရာရပါတယ်" လို့ ပြောပါတယ်။
ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA)၊ 96 Soldiers PDF (အညာတပ်ခွဲ)၊ စိန်ဗေဒါKBU (ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF၊ ဝံသပါလ LPDF၊ TCRF (PLA)၊ ရွှေဘိုဓူဝံ (PLA)၊ GZ LPDF တို့ အတူဝင်တိုက်တာလို့ ဆိုပါတယ်။
တိုက်ပွဲကပြန်လာတဲ့ ကာကွယ်ရေးတပ်တွေကို ပြည်သူတွေက ဂုဏ်ပြုကြိုဆို ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ပြန်ကြားရေးတာဝန်ခံက "ပြည်သူတွေကတော့ ရွာနီးချုပ်စပ်တွေကနေ အများကြီး သပြေပန်းတွေနဲ့ ကြိုဆိုခဲ့တယ်။ မုန့်တွေ အချိုရည်ဘူးတွေ အများကြီးလည်း ပေးကြပါတယ်။ အဲမုန့်တွေ အချိုရည်ဘူးတွေကိုတော့ ဒေသစစ်ရှောင်စခန်းက စစ်ရှောင်တွေဆီကို သွားရောက် ပေးပို့ လှူဒါန်းခဲ့ကြပါတယ်" လို့ ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၇ ယောက်ကို သုံ့ပန်းပေါ်လစီနဲ့အညီ ထိန်းသိမ်းထားရှိပြီး စစ်ကြောင်းအသီးသီးက တွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်သေဆုံးပြီး၊ ၁၅ ယောက်လောက် ဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။