ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ နိုဝင်ဘာ ၂၂ ရက် မနက်က ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်နေတဲ့ မြန်မာလှေလုပ်သား ၁ ဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းပင်လယ်ပြင်သယံဇာတထိန်းသိမ်းရေးဌာန လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
မနေ့ မနက် ၆ နာရီခွဲက ပင်လယ်ထဲငါးဖမ်းထွက်နေတဲ့ ချုတ်နားဝီးအမည်ရှိ လှေတစ်စီးပေါ်မှာ ဓားထိုးမှုဖြစ်ပွားပြီး ဒဏ်ရာပြင်းထန်ကြောင်း လှေဦးစီးက အကူအညီတောင်းခံလာတဲ့အတွက် အရေးပေါ်လှေနဲ့ သွားရောက်ကယ်ဆယ်ပြီး အဆိုပါလှေကိုလည်း ကျေ့ပီ လန်ဆိပ်ကမ်းကို အမြန်ပြန်ကပ်လာဖို့ အကြောင်းကြားလိုက်တယ်လို့ ထိုင်းပင်လယ်ပြင်သယံဇာတ ထိန်းသိမ်းရေးဌာန ဒုညွှန်မှူး ဗိုလ်မှူး ထနရစ် ဝန်းချတ်နတ်လုပ်က သတင်းထောက်တွေကို ပြောပါတယ်။
ဓားထိုးခံရသူမှာ အသက် ၂၄ နှစ်ရွယ်ရှိ အောင်မိုးသူ ဆိုသူ မြန်မာရေလုပ်သားဖြစ်ပြီး လည်ပင်းမှာအထိုးခံရကာ သွေးထွက်လွန်တာကြောင့် ဆေးရုံမရောက်ခင်လမ်းမှာ သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါလှေဆိပ်ကမ်းရောက်တော့ တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရာမှာ ဓားထိုးမှုကျူးလွန်သူမှာ လုပ်ဖော်ကိုင်ဖက် ရေလုပ်သား ဟိန်းကိုကို (၂၅) နှစ်လို့ ဆိုပါတယ်။ ဟိန်းကိုကိုက အခင်းမဖြစ်ခင် သူက လှေဝမ်းထဲမှာ အလုပ်လုပ်နေစဉ် အောင်မိုးသူက ရန်စောင်စကား လာပြောကြောင်း၊ သူ့ကိုကြည့်ရတာ မူးယစ်ဆေးဝါးသုံးစွဲပုံရပြီး နှစ်ယောက်သား ထိုးကြိတ်ရာက သူက ဓားနဲ့ထိုးရတာလို့ ဝန်ခံပြောဆိုပါတယ်။
တာဝန်ရှိသူတွေက အလောင်းကိုစစ်ဆေးဖို့ ဆဒွန်းဆေးရုံပို့ထားပြီး ဟိန်းကိုကို ကိုလည်း လိုအပ်သလိုအရေးယူဖို့ ဆဒွန်းမြို့နယ်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။