ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားရုံတွေနဲ့ မူးယစ်ဆေးဝါးရောင်းချနေမှုတွေ ပိုမိုပြုလုပ်ဆောင်ရွက်လာကြတာကြောင့် ကေအိုင်အေက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
မူးယစ်ဆေးကြောင့် အများပြည်သူ စိတ်ဆင်းရဲနေရတဲ့အတွက် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အမှတ် (၁) တပ်ရင်း နိုဝင်ဘာ ၂၂ရက်နေ့ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်လိုက်တာပါ။
မြို့ခံတဦးက “ဗန်းမော်ခရိုင်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေကို ပေါ်တင်လုပ်လာတယ်။ စစ်တပ်နဲ့ ရဲတွေကို ငွေပေးပြီး ပြောင်ပြောင်တင်းတင်းလုပ်လာတာ ဟုတ်တယ်။ ၂ မိုင်ဘက်ရယ်၊ ၃ မိုင်ဘက်မှာရယ် ပိုဆိုးတယ်၊ ကျနော့်တူဆိုလည်း လောင်းကစားလုပ်တာ နဲ့ အိမ်တွေတောင် ပေါင်လိုက်ရတယ်။ ညီတစ်ယောက်ဆိုလည်း မိန်းမနဲ့လည်း ကွဲသွားရပြီ” လို့ ပြောပါတယ်။
လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါးများရောင်းချသူ များလာတာကြောင့် လူငယ်လူရွယ်တွေ၊ များစွာပျက်စီးနေပြီး ထိရောက်စွာ အရေးယူသင့်တယ်လို့ ကချင်တိုင်းရင်းသားတစ်ဦးက ပြောပါတယ်။
ကေအိုင်အေ ထုတ်ပြန်ချက်မှာတော့ ဗန်းမော်မြို့နယ်အတွင်း လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါးဟာ စစ်ကောင်စီရဲ့ ထောက်တိုင်သဖွယ်ဖြစ်နေပြီး ခိုးဆိုးလုယက်မှုတွေ ပိုမိုဖြစ်ပေါ်နေတာကြောင့် လောင်းကစားဝိုင်းတွေ လုံးဝဖျက်သိမ်းဖို့နဲ့ တားမြစ်ချက်ကို လိုက်နာမှုမရှိပါက ထိရောက်တဲ့ ပြစ်ဒဏ်အကျိုးဆက်ခံရမယ်လို့ ဖော်ပြထားပါတယ်။