မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလောင်းကျေးရွာနဲ့ အံခဲကျေးရွာကြားက ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာ ရေနစ်သေဆုံးသူ နောက်တယောက်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၂ ရက် ဒီမနက် ၁၀ နာရီက ပြန်လည် ဆယ်ယူရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
ပြန်လည်ဆယ်ယူရရှိခဲ့တဲ့ ရေနစ်သေဆုံးသူဟာ ရေးမြို့နယ် အစင်ကျေးရွာက အသက် ၄၀ အရွယ် အမျိုးသား တယောက်ဖြစ်ပြီး လက်ရှိမှာတော့ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲကို ပို့ဆောင်ထားပါတယ်။
ဘုရားဖူး လာရောက်သူတွေထဲက ပျောက်ဆုံးနေသူ ၁၁ ဦး လာရောက် စာရင်းပေးထားပြီး၊ ရေးမြို့နယ် အစင်ကျေးရွာက အမျိုးသားတယောက် ပြန်လည် ဆယ်ယူရရှိထားတဲ့အတွက်ကြောင့် ၁၀ ဦး ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေလည်း ကမ်းခြေမှာ ဆက်လက်စောင့်ဆိုင်းနေပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကျိုက်နဲရေလယ်ဘုရားမှာတော့ မနေ့က ဒေသအခေါ် နတ်လမ်းမှာ လူအများအပြား တိုးကြိတ်သွားလာရာမှ ဒီရေလှိုင်း ပုတ်ခတ်မှုကြောင့် ပင်လယ်ထဲ မျောပါသေဆုံးခဲ့တာဖြစ်ပါတယ်။
ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာတော့ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းထိ ရေနစ်သေဆုံးသူ ရုပ်အလောင်း ၁၆ လောင်းထိ ပြန်လည် ဆယ်ယူရရှိထားပါတယ်။