မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက်က နန်းတော်ကုန်းရပ်ကွက် သာယာကုန်းနယ်မြေမှာ လူနေ နှစ်ထပ်အိမ်တစ်လုံး မီးလောင်ခဲ့ပါတယ်။
မိတ္ထီလာမြို့ခံတစ်ဦးက "မနက်အစောက မိတ္ထီလာမှာ ဖယောင်းတိုင် မီးထွန်းထားတာက ထရံနဲ့နီးတော့ ထရံကိုမီးစွဲပြီး မီးလောင်တာလို့ သိရတယ် လူနေနှစ်ထပ်အိမ်တစ်လုံး မီးလောင်သွားတယ်"လို့ ပြောပါတယ်။
အဆိုပါမီးလောင်မှုနဲ့ ပတ်သက်ပြီး အိမ်ရှင် ဦးအောင်သောင်းကို မီးပေါ့ဆမှုနဲ့ မိတ္ထီလာ မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
မန္တလေးတိုင်း၊ မလှိုင်မြို့မှာလည်း နိုဝင်ဘာ ၂၁ ရက်က အမှတ်(၂)ရပ်ကွက် နယ်မြေ(၁၀) ရှိ မြို့နယ်လမ်းဦးစီးဌာနဝင်း အတွင်း လူနေအိမ်တစ်လုံး မီးလောင်ခဲ့ပါတယ်။
မလှိုင်မြို့ခံတစ်ဦးက "မလှိုင်မြို့နယ်လမ်းဦးစီးဌာန ဝင်းထဲမှာ မီးလောင်တာ အင်ဂျင်နီယာ တစ်ဦးနေတဲ့အိမ်ပါ။ လျှပ်စစ်ပလပ်ခုံ အပူလွန်ကဲပြီး မီးလောင်တယ်ဆိုတာ သိရတယ်"လို့ ပြောပါတယ်။
မလှိုင်မြို့နယ် လမ်းဦးစီးဌာနဝင်းရှိ အငယ်တန်းအင်ဂျင်နီယာ ဦညီညီအောင်နေထိုင်တဲ့ သွပ်မိုးထရံကာနေအိမ်တစ်လုံး မီးလောင်ခဲ့တဲ့အတွက် ဦးညီညီအောင်ကို မလှိုင်မြို့မရဲစခန်းမှာ မီးပေါ့ဆမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မီးလောင်မှု ၂ခုလုံးမှာ လူနေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ပေမယ့် လူနဲ့တိရစ္ဆာန်တွေ ထိခိုက်မှု မရှိခဲ့ပါဘူး။