တွံတေးမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်သား ၂ ယောက် ပစ်သတ်ခံရပြီးနောက် ဒီနေ့ သွားလမ်းလာတွေကို စစ်ဆေးနေသလို ပြည်သူ ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။
စမ်းရွာကျေးရွာက မိုင်တဲတာဝါတိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အပြင်ထွက်လာတုန်း တွံတေးပြည်သူ့ကာကွယ်ရေးတပ်က ပစ်ခတ်လို့ သေဆုံးခဲ့တာပါ။
“တယောက်က နေရာမှာပဲ ပွဲချင်းပြီးပဲ။ နောက်တယောက်ကတော့ ဆေးရုံယူသွားပြီး ဆေးရုံမှာ သေတယ်လို့ ကြားတယ်။ အခုက ပြည်သူတွေကို သက်သက်ဒုက္ခပေးနေတာ။ ကျနော်တို့အားလုံးက လုံခြုံတဲ့နေရာကို ရောက်နေပြီ” လို့ တွံတေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။
မနေ့ ညနေ ၄ နာရီလောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာကြောင့် လမ်းတလျှောက် ကားတွေလည်း ပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံဘဲ့၊ စမ်းရွာ၊ ပေါက်တော၊ လာကပုံ၊ ကျိုက်သလဲနဲ့ ဘုရားကြီးရွာတလျှောက် လမ်းမကြီးက နေရာတော်တော်များများမှာ စစ်ဆေးနေတာဖြစ်ပါတယ်။
ဒေသခံတယောက်က “ရွာတွေကနေ ဝါးခုတ်ဖို့သွားတဲ့သူ ၂ ယောက်ကို ဓားပါလို့ ဆိုပြီး စစ်တဲ့နေရာမှာဖမ်းထားတယ်။ သူတို့က ဆိုင်ကယ်တွေ၊ ဖုန်းတွေရော ထင်သလို စစ်နေတာ" လို့ ပြောပါတယ်။
နောက်ထပ် ဖမ်းခံထားရတယ်လို့ ယူဆရသူတွေရှိနေပေမဲ့ စစ်ဆေးနေတုန်းလားဆိုတာ မသေချာဘူးလို့လည်း သူက ပြောပါတယ်။ ပြီးတော့ ပေါက်တောကျေးရွာလမ်းဘေးက ဈေးဆိုင်တွေကိုလည်း စစ်တပ်က ဖယ်ခိုင်းနေတယ်လို့ ဆိုပါတယ်။
မနေ့ညကလည်း လာကမုံရွာနဲ့ တခြားရွာတချို့ကို စစ်တပ်က ဝင်ရောက် စစ်ဆေးခဲ့ပြီး မိန်းကလေးတယောက်နဲ့ ကျေးရွာဥက္ကဋ္ဌတယောက်ကို ဖမ်းဆီးသွားခဲ့ပြီး ဒီမနက်မှာတော့ ကျေးရွာဥက္ကဋ္ဌကို ပြန်လွှတ်ပေးခဲ့ပေမဲ့ မိန်းကလေးကိုတော့ စစ်ကြောရေးကို ပို့မယ်လို့ သတင်းကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။