မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့လယ် ၂ နာရီလောက်က ကူမဲစျေးစည်ပင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး အမျိုးသမီး တယောက် ဒဏ်ရာရသွားပါ တယ်။
ဈေးအနီးနေထိုင်သူတစ်ဦးက" စည်ပင်ဈေးရုံးနားမှာ ဗုံးကွဲတယ်။ အမျိုးသမီးတစ်ဦးတော့ အနည်းငယ်ဒဏ်ရာရတယ်။ အသွားအလာ လူမရှိသလောက်ဖြစ်နေတဲ့ နေ့လယ်ပိုင်းမှာ ဖြစ်သွားတာပါ။ ရှိတဲ့ ဈေးသည်တွေလည်း ဈေးဆိုင်ကို ၂ နာရီလောက်စောပိတ်ပြီး ပြန်ကုန်ကြတယ်"လို့ ပြောပါတယ်။
မြစ်သားမြို့နယ် ကူမဲမြို့စည်ပင်ရုံးကိုဖောက်ခွဲတာ သူတို့လက်ချက်ဖြစ်တယ်လို့ ကျောက်ဆည်ခရိုင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ကြေညာထားပါတယ်။
အများပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ စစ်ကောင်စီတပ်တွေရှိတဲ့အနားနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်ရုံးတွေအနား သွားလာနေထိုင်တာ မပြုလုပ်ဖို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ကလည်း သတိပေးကြေညာထားပါတယ်။
ကျောက်ဆည်ခရိုင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မန္တလေးမြေပြင်တိုက်ခိုက်ရေးအဖွဲ့၊ မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MNPDF)၊ စဉ့်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)၊ မြစ်သားပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့တို့နဲ့ မဟာမိတ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
မဟာမိတ်အဖွဲ့အနေနဲ့ ပြည်သူလူထုနဲ့အတူရပ်တည်ကာ အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်တဲ့အထိ အတူလက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ကြေညာထားပါတယ်။