မကွေးတိုင်း၊ ဆောမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ပါပစ်ခတ်နေတယ်လို့ ဆော PDF တပ်ဖွဲ့က ပြောပါတယ်။
ဆောမြို့နယ်၊ တောမရွာကို စစ်ကောင်စီတပ်သား ၅၀ ကျော်ဝင်ရောက်လာပြီးနောက် ဒီမနက် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။
ဆော PDF တာဝန်ရှိသူတယောက်က “သူတို့က RPG တွေ၊ စက်လတ်တွေနဲ့ ဆက်တိုက်ပစ်တယ်။ ကျနော်တို့က ပူးပေါင်းတပ်ဖွဲ့တွေပါ။ ခုတော့ ရဟတ်ယာဉ် ၂ စီးနဲ့ပါ ရော့ကက်တွေနဲ့ ပစ်တယ်။ စစ်သေနတ်နဲ့ကတော့ ဆက်တိုက်ပစ်နေတာ။ ခုလည်း တစီးလာနေပြန်ပြီ။ ရွာနားက တောင်ကို ပစ်နေတာ” လို့ ပြောပါတယ်။
တောမနဲ့ ကျင်းလိန်ရွာကြားမှာ ဒီမနက်ကစလို့ တိုက်ပွဲဖြစ်နေတဲ့အတွက် ရွာသားတွေ အားလုံးကတော့ မနေ့ကပဲ တိမ်းရှောင်နေကြပြီ ဖြစ်ပါတယ်။
“တနေ့က ကျနော်တို့ တညလုံးလိုက်ပစ်လို့ အဲဒီဘက်ကို ရောက်လာတာ။ လက်နက်ကြီးနဲ့ပါ ဝိုင်းပစ်တော့ သူတို့ပြေးတယ်။ ပြေးတော့ တိုက်မိုင်းမိတယ်။ အဲမှာ ဘယ်နှစ်ကောင်သေလဲ အတိအကျ မသိရသေးဘူး" လို့ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။
ကျင်းလိန်၊ သလယ်နဲ့ တောမရွာတို့က ဒေသခံပြည်သူ အားလုံးဟာ လက်ရှိမှာတော့ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။