စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ရာခိုင်နှုန်းအားဖြင့် ထက်ဝက်ကျော် ကျဆင်းမှုရှိနေပြီး အရင်အခြေအနေကောင်းမျိုး ပြန်လည်ရရှိဖို့က မလွယ်ကူတော့ဘူးလို့ သုတေသီတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၁၉-၂ဝဘဏ္ဍာနှစ်မှာ (အောက်တိုဘာမှစက်တင်ဘာအထိ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာသန်းပေါင်း ၅၅၂၅ သန်းဝင်ရောက်မှုရှိခဲ့ပါတယ်။
အခု၂၀၂၀-၂၁ဘဏ္ဍာရေးနှစ်မှာ (အောက်တိုဘာမှဖေဖော်ဝါရီအထိ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာသန်း ပေါင်း ၁၂၅၆ သန်းရှိခဲ့ပြီး ယင်းပမာဏက စစ်တပ်က အာဏာမသိမ်းမီရှိခဲ့ တဲ့ အခြေအနေဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အောက်တိုဘာ မှ သြဂုတ်လအထိ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၅၁၁ သန်းဝင်ရောက်မှုရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါကြောင့် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ပြီးခဲ့နှစ်ကဝင်ရောက်မှုရှိခဲ့တဲ့ ပမာဏနဲ့နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာသန်းပေါင်း ၃၀၁၄ သန်းလျှော့ကျမှုရှိပြီး ရာခိုင်နှုန်းအားဖြင့် ၅၄ ရာခိုင်နှုန်း ရှိပါတယ်။
လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး စီးပွားရေးသုတေသီတဦးက “ကျနော်မြင်တာကတော့ ဦးသိန်းစိန်အစိုးရခေတ်မှာလေ နိုင်ငံတကာမှာ ပြောကြတာရှိတယ်ဗျ။ ဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နောက်ဆုံးကျန်တဲ့ မရင်းနှီး၊ မမြှုပ်နှံရသေးတဲ့ နယ်ရိုင်းပယ်ရိုင်း ဆိုပြီးတော့ ပြောခဲ့ကြတာလေ။ ဒါကြောင့် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ တော်တော် လေးဝင်ခဲ့တာ တွေ့ခဲ့ရတယ်နော်။ အခုတော့ ကျနော်ထင်တယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ကျသွားပြီ။ အရင်အခြေအနေကောင်းမျိုး ပြန်ဖြစ်ဖို့ဆိုတာက တော်တော်လုပ်ရမယ်။ မလွယ်ဘူးလို့ မြင်တယ်ဗျ။ နောက်တခါ နိုင်ငံတကာ ဘက်အခြမ်းကို ကြည့်လို့ရှိရင်လည်း အခုက စီးပွားရေးက မတည်ငြိမ်သေးဘူးနော်။ ကိုဗစ်ရဲ့ ရိုက်ခတ်မှုက ရှိနေတုန်းပဲ။ နိုင်ငံတွေတော်တော်များများကလည်း အထိုင်ပြန်ချနေရတယ်လေ။ အပြင်ထွက်ပြီး ရင်းနှီးမြှုပ်နှံဖို့ဆိုတာထက်စာရင် နိုင်ငံအတွင်းမှာ ပြည်တွင်းဖူလုံရေး၊ ဘယ်လိုရင်းနှီးမြှုပ်နှံမလဲပေါ့။ တချို့ဆိုရင် ဘာပြောနေကြလဲဆိုတော့ ၂၀၂၂ မှာ စီးပွားပျက်ကပ်ကြုံလာနိုင်သေးတယ်ဆိုပြီး ပြင်နေကြတာ ရှိတယ်နော်။ ဆိုတော့ ဒီလို အခြေအနေမျိုးမှာ မြန်မာပြည်အတွက် အများကြီးမျှော်လင့်စရာ မရှိဘူး” လို့ ပြောပါတယ်။
အခုတကြိမ်အာဏာသိမ်းမှုက မြန်မာ့သမိုင်းမှာ စီးပွားရေးအရ ထိခိုက်မှုအဆိုးဆုံး ဖြစ်မယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူတဦးကလည်း ပြောပါတယ်။
“၈၈ ထက်ပိုဆိုးမယ်လို့ပြောတာ ဘာကြောင့်လဲဆို ၈၈ တုန်းကလည်း မြန်မာပြည်ရဲ့ စီးပွားရေးက ကျဆင်းသွားတယ်နော်။ ဘယ်လောက်ကျဆင်းသွားတာလဲဆိုရင် အနုတ် ၁၁ အထိဖြစ်သွားတယ်။ အဲ့ဒီ့တုန်းက စီးပွားရေးက ဘာမျှမရှိသေးဘူး။ ပြီးတော့ လုပ်ငန်းတွေအားလုံးက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေပါ။ အခုက ဘယ်လောက်အထိ ဆိုးမလဲဆိုရင် အနုတ် ၁၈ အထိကျဆင်းသွားမယ်ဆိုပြီး ကမ္ဘာ့ဘဏ်ကလည်း တွက်ချက်ထားတာရှိတယ်။ နောက်တချက်က ၈၈ တုန်းက မြန်မာနိုင်ငံက (Globalization) ကမ္ဘာ့နိုင်ငံတွေ နဲ့ ချိတ်ဆက်မှု မရှိသေးဘူးနော်။ မရှိသေးတဲ့အတွက် ဒီပြဿနာတွေက ကိုယ့်ပြည်တွင်းမှာပဲ ရှိနေသေးတယ်။ အခုက ကမ္ဘာ့နိုင်ငံတွေနဲ့ချိတ်ဆက်မှုက ရှိနေတာကြောင့် နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေက ပိုပြင်းထန်မယ်။ ဒါကြောင့် အခုကပိုဆိုးမယ့်သဘောရှိတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်က အခုလို အမြော်အမြင်နည်းပြီး မဆင်မခြင်လုပ်ရပ်ကြောင့် မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေက ခေတ်နောက်ပြန်လှည့်သွားပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှာ ပြန်လည်ပါဝင်တော့မယ့် အခြေအနေဆီ ဦးတည်နေပြီ ဖြစ်ပါတယ်။