Home
မြန်မာသတင်း
၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ ဘီလီယံပင် မပြည့်
DVB
·
May 23, 2024
investment1_23052024
investment2_23052024
investment_23052024

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမူလုပ်ငန်း ၇၀ ကျော် ဝင်ရောက်ခဲ့ပြီး ဒီလုပ်ငန်းတွေရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၆၆၁ သန်းကျော်သာ ရှိခဲ့ပြီး  ဒီပမာဏက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နဲ့ နှိုင်းယှဉ်ရင်အမေရိကန် ဒေါ်လာ ၁ ဘီလီယံ နီးပါး လျော့နည်းခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမူ ပမာဏက အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၄၀ ဘီလီယံ ကျော် ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်

စစ်တပ်အာဏာ မသိမ်းခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဝင်ရောက်ခဲ့တဲ့  အမေရိကန် ဒေါ်လာ ၄ ဒသမ ၈၈၀ ဘီလီယံ ကျော်နဲ့ နှိုင်းယှဉ်ရင်တော့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၄ဘီလီယံ ကျော်ထိ လျော့ကျခဲ့တာပါ။

စစ်အာဏာသိမ်းခြင်းရဲ့ အကျိုးဆက် စီးပွားရေး မတည်ငြိမ်မှုနဲ့ မရေရာမှုတွေ များလာတာ၊ ကုန်ကြမ်းရရှိမှုခက်ခဲပြီး လျှစ်စစ်ဓာတ်အား ပြတ်တောက်မှု ဆက်လက်ဖြစ်ပေါ်နေတာ၊ ပဋိပက္ခတွေကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိနေတာ၊ အိမ်ထောင်စု ဝင်ငွေတွေ လျော့ကျပြီး ဝယ်လိုအား ကျဆင်းလာတာ၊ လုပ်ငန်းတွေ ဆုံးရှုံးနိုင်ခြေများပြီး အကျိုးအမြတ် ပြန်ရနိုင်ခြေ နည်းနေတာ စတဲ့အချက်တွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျနေတာအပြင် ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာနေကြပါတယ်။

ပြီးခဲ့တဲ့ မေ ၁၇ ရက်ကပဲ ကိုရီးယားအခြေစိုက် CJ Feed တိရစ္ဆာန်အစာနဲ့ ကြက်သားပေါက် ထုတ်လုပ်ရေးလုပ်ငန်းဟာ မြန်မာနိုင်ငံကနေ ထွက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၂၁ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာာဏာသိမ်းထားတဲ့ ကာလအတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမူတွေကို ပြန်ကြည့်ရင် စွမ်းအင်ကဏ္ဍ၊ ကုန်လုပ်ထုတ်မူ ကဏ္ဍနဲ့ ဝန်ဆောင်မှု ကဏ္ဍတွေမှာသာ အထိုက်အလျောက် ဝင်ရောက်မှုရှိခဲ့ပြီး ကျန်လုပ်ငန်းကဏ္ဍတွေမှာတော့ အနည်းငယ်ပဲ ဝင်ရာက်ခဲ့တာပါ။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ရင်းနှီမြှုပ်နှံမူ အခြေအနေကို ကြည့်မယ်ဆိုရင် စွမ်းအင်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၇၄ သန်းကျော်နဲ့ ပမာဏ အများဆုံး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။  ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ၁၅၁ သန်းကျော်၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၇၇ သန်းကျော်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍမှာ  အမေရိကန်ဒေါ်လာ ၂၃ သန်းကျော်၊ ဝန်ဆောင်မှု ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်၊ အိမ်ခြံမြေ ဆောက်လုပ်ရေး ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်၊ လယ်ယာကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂ သန်း ကျော်နဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၆၆၁ သန်းကျော်သာ ဝင်ရောက်ခဲ့ပါတယ်။

အဲဒီအထဲမှာ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၃၄၅ သန်းကျော်နဲ့ အများဆုံး ဝင်ရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ  ၂၂၅ သန်းကျော်နဲ့ ဒုတိယ အများဆုံး ဝင်ရောက်ထားပြီး ဟောင်ကောင်နဲ့ ထိုင်းနိုင်ငံတို့ကလည်း အနည်းငယ် ဝင်ရောက်ထားပါတယ်။

အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမလ ဖြစ်တဲ့ ဧပြီလအတွင်းမှာတော့ ကုန်ထုတ်လုပ်မူကဏ္ဍမှာ  ပြည်ပ ရင်းနှီးမြှုပ်နှံမူလုပ်ငန်း ၈ခု ဝင်ရောက်ခဲ့ပြီး ဒီလုပ်ငန်းတွေရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ သန်း၄၀ ဝန်းကျင်ရှိခဲ့ပါတယ်။ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့က အများဆုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013