မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ NLD ပါတီ တက်ကြွလှုပ်ရှားသူရဲ့နေအိမ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ညက ပါဆယ်ဗုံး ပေါက်ကွဲပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့ ထင်းတန်းရပ်ကွက်မှာ မနေ့က ည ၁၀ နာရီကျော်လောက် NLD ပါတီရဲ့ တက်ကြွလှုပ်ရှားသူ ကိုအေးလှိုင်ရဲ့ နေအိမ်ကို အမျိုးသားနှစ်ယောက် လာပစ်သွားတဲ့ ပါဆယ်ထုတ်အား ဖွင့်ဖောက်ရာမှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။
အဲဒီပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် ကိုအေးလှိုင်၊ ဇနီးဖြစ်သူ ဒေါ်မာမာစီ၊ သမီးဖြစ်သူ မအေးသင်း နဲ့ အိမ်နီးနာချင်းတစ်ယောက်ဖြစ်တဲ့ ဒေါ်စီတို့ သေဆုံးခဲ့တာဖြစ်ပြီး အမျိုးသမီး ၃ ယောက်က နေရာမှာတင် သေဆုံးကာ ကိုအေးလှိုင်ကတော့ ဆေးရုံရောက်မှ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ပါဆယ်ထုပ်ကို ကုတ်အင်္ကျီအဖြူဝတ်ထားတဲ့ အမျိုးသား ၂ ယောက်က ဆိုင်ကယ်နဲ့ လာပစ်သွားတာလို့ သိရပြီး ဒလန် ပျူစောထီးခေါင်းဆောင် မာတာ ဆိုသူတို့ အဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေပေါင်းပြီးတော့ လုပ်ကြံတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။
သေဆုံးသူ ကိုအေးလှိုင်ဟာ NLD ပါတီ အောင်နိုင်ရေး ကာလတစ်လျှောက်လုံး တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သလို ရွေးကောက်ပွဲအပြီး ရပ်ကွက်ထဲပြုလုပ်ခဲ့တဲ့ အောင်ပွဲမှာလည်း သူရဲ့ နွားလှည်းနဲ့ လှည့်လည်ကခုန်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။