Home
မြန်မာသတင်း
ရေဦးတိုက်ပွဲအတွင်း စစ်သား ၁၀ ဦးကျော် သေဆုံး၊ ပြည်သူ ၁ သောင်းကျော် တိမ်းရှောင်နေရ
DVB
·
November 17, 2021
Yay U battle SAC vs PDF 1

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ တင်းတိမ်ယံရွာအနီးနဲ့ ဇီးတောလေးရွာအနီးတို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁ သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းက ကျေးရွာတွေအတွင်း စီးနင်းဝင်ရောက်ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို ရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  မိုင်းဆွဲတိုက်ခိုက်ရာမှ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာလို့ ရေဦး PDF က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က တင်းတိမ်ယံအုပ်စုအတွင်းရောက်လာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း စတင်မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်တပ်က‌ သေနတ်နဲ့ အတွဲလိုက်ပြန်လည်ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ အမြန်ပြန်ဆုတ်ခဲ့ရပြီး ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

နေ့လယ်ပိုင်းကနေ ညနေပိုင်းအထိ ထိတွေ့တိုက်ပွဲအတွင်း  စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် သေဆုံးကာ အပြစ်မဲ့ပြည်သူ ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက “တင်းတိမ်ယံရွာ အသက် ၁၅ နှစ်အရွယ် သဲကြီးကုန်းဘုန်းကြီးကျောင်းသား တစ်ယောက်ရယ်၊ ရွာထဲက စိတ်မမှန်သူတစ်ယောက်နဲ့ အမည်မသိ လက်ပြန်ကြိုးတုပ် ဦးခေါင်းပစ်ခတ်ခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေသူတစ်ယောက်၊ စုစုပေါင်း ပြည်သူ ၃ ယောက် သေတယ်” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် မောင်ရှိုင်းထက်ဇော် (အသက် ၁၅ နှစ်)၊ မောင်အောင်ကိုဝင်း (အသက် ၃၀) နဲ့ အမည်မသိ တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တင်းတိမ်ယံ တိုက်ပွဲကြောင့် ကျေးရွာ ၇ ရွာလောက်က ပြည်သူ ၁ သောင်းကျော် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024