စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာအထွက်မှာ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
“ထန်းတောကုန်းဘက်ကို သွားတဲ့ကား ဖြစ်ပါတယ်။ နောင်ကြီးအိုင်နဲ့ ထန်းတောကုန်းကြားမှာ တိုက်ခိုက်ခဲ့တာပါ။ ARA မြောက်ပိုင်း၊ (၅၇၇) ပစ်တိုင်းထောင်တပ်ဖွဲ့ရဲ့ လက်သံအမြည်းပါ။ ကားရှေ့ခေါင်းတစ်ခုလုံး ကြေမွစုတ်ပြတ်သွားတာမို့ အသေအပျောက်ကတော့ ရှိဖို့များပါတယ်။ နောင်ကြီးအိုင်စခန်းထဲက ကောင်တွေလည်း ထွက်လာပြီးကြည့်တယ်။ ခဏနေတော့ မြရိပ် စစ်တပ်က ကားတစ်စီးရောက်လာပြီး ကားအပျက်ကို ကြိုးနဲ့လာဆွဲသွားတယ်” လို့ ARA ပြန်ကြားရေးက အတည်ပြုပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အရာတော်မြို့နယ်အတွင်းက အိုင်လျား၊ ကြွေပုဂံ၊ ဒုံဒစ်၊ ငွေတွင်း စတဲ့ ကျေးရွာက တက်ကြွလှုပ်ရှားသူတွေရဲ့နေအိမ်တွေကို မွှေနှောက်လုယက်တာတွေ မီးရှို့ ဖျက်ဆီးတာတွေပြုလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းအနီးကို နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ခြေလျင်ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ရဲစခန်းရှေ့မှာပဲ ARA က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။