မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမိန်နဲ့ ဆူးအင်းကျေးရွာကြားက စစ်တပ်ပိုင် Mytel တာဝါတိုင် တတိုင် နိုဝင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
Mytel တာဝါတိုင် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် တာဝါတိုင် အောက်ခြေက မီးစက်အပါအဝင် ဆက်သွယ်ရေး ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်းထောင် ဖောက်ခွဲတာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်-သထုံ အထူးကာကွယ်ရေး တပ်ဖွဲ့(MTHSF)က ထုတ်ပြန်ကြေညာပါတယ်။
Mytel တာဝါတိုင်တွေကို စစ်ကောင်စီက အခုနောက်ပိုင်းမှာ ခြံစည်းရိုးကာတာ၊ လုံခြုံရေး တိုးမြှင့်ထားတဲ့ကြားက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်ပိုင် Mytel တာဝါတိုင် ၂၀ ထက်မနည်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံထားပြီး နိုင်ငံတဝန်းမှတော့ ရာနဲ့ချီရှိပါတယ်။