ဇီးကုန်းမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဗုံးပစ်သတိပေးခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
မတရားတဲ့ နည်းလမ်းနဲ့ လက်နက်အားကိုးကာ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီ လက်အောက်မှာ ဆက်လက်လုပ်ကိုင်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို အမြန်ဆုံးနုတ်ထွက်ဖို့ အခုလို လက်ပစ်ဗုံး ပစ်ထည့်ဖောက်ခွဲပြီး သတိပေးလိုက်တာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၅ ရက် မနက် ၁၁ နာရီလောက် ပဲခူးတိုင်း (အနောက်) ဇီးကုန်းမြို့ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲကို အမည်မသိ လူတစ်ဦးက လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်ရာ တံခါးဘောင်နဲ့ ထိမှန်ပြီး ရုံးအပြင်ဘက်မှာ ပေါက်ကွဲခဲ့ပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်သားတွေ ရောက်လာကာ အနီးပတ်ဝန်းကျင်က အိမ်တွေကို ဝင်ရောက်စစ်ဆေးပြီး ဇီးကုန်းမြို့အဝင်အထွက်နဲ့ မြို့တွင်းကို လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဇီးကုန်းမြို့မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက USDP ပါတီက အနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLD ပါတီက ပြန်လည်အနိုင်ရရှိခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ဇီးကုန်းမြို့အဝင် တိုးဂိတ်ကို ဇီးကုန်း PDF က လက်ပစ်ဗုံးပစ်ခဲ့လို့ ရဲ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အခုက ဒုတိယတကြိမ်ဖြစ်ပါတယ်။