ဗိုလ်ကြီးတဦးအပါအဝင် ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁၅ ဦးကို စစ်ကောင်စီထံ ပြန်လည် လွဲအပ်လိုက်တယ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရက္ခိုင်တပ်တော် (အေအေ)က သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ကြီး ရဲလင်းစိုး (ဆေးမှူး) အပါအဝင် စစ်သားနဲ့ရဲသား သုံ့ပန်း ၁၅ ဦးအား ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ရွာနဲ့ ဒီပါရုံကျေးရွာကြား၊ ကျောက်ကွင်း နေရာအနီးမှာ နိုဝင်ဘာ ၁၅ ရက်၊ ည ၇ နာရီခွဲလောက် တပ်မတော်ဘက်က ဗိုလ်မှူး ဇေခိုင်ဟိန်းဆီကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ရှည်လများ သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့သူတွေ၊ သုံ့ပန်းတွေထဲက ကျန်းမာရေးအခြေအနေ ဆိုးဝါးပြီး ဆေးဝါးကုသဖို့ အရေးတကြီး လိုအပ်နေတဲ့သူတွေကို လူသားချင်း စာနာထောက်ထားမှုအရ ပြန်လွှတ်ပေးလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင့် သုံ့ပန်းတွေကို ထိန်းသိမ်းထားသောနေရာပတ်ဝန်းကျင်မှာ ကိုရိုနာကူးစက်ရောဂါ ကူးစက်မှု ဖြစ်ပွားလာပါက ရောဂါပြင်းထန်သောသုံ့ပန်းတွေ ဆေးဝါးကုသဖို့ ခက်ခဲမှာ စိုးရိမ်တာကြောင့်လို့ ဆိုပါတယ်။
ရခိုင်ဒေသအတွင်း မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူအားလုံးနဲ့ အကျဉ်းထောင်တွေထဲက ရက္ခိုင်တပ်တော် တပ်ဖွဲ့ဝင်တွေ ပြန်လည်လွတ်မြောက်ရေး လိုလားတာကြောင့်လည်း အခုလို စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးလိုက်တာလို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနဲ့ AA ခေါင်းဆောင်တွေ Online ကနေ တွေ့ဆုံခဲ့ကြပြီးနောက် စစ်သုံ့ပန်းတွေကို အခုလို လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။