မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ပိတ်စွယ်နယ်မြေ (၁) ဟိုမှိုင်းရပ်ကွက်နေ အမျိုးသား ၃ ယောက်ကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ဖမ်းဆီး သွားပါတယ်။
မိုးကုတ်မြို့မှာ မနေ့ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်ပြီး ပုန်းနေသူ ၃ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ခံတစ်ဦးက "နေ့ခင်းပိုင်းက ပစ်တာခတ်တာ၊ ဗုံးပေါက်တာက ခုဖမ်းခံရတဲ့သူတွေရဲ့ အိမ်အနောက်မှာဖြစ်တာ။ သူတို့က ကြောက်ပြီးရေမြောင်းထဲဆင်းပုန်းနေတာကို စစ်သားတွေက သေနတ်နဲ့ပစ်တာ။ တစ်ယောက်လက်မောင်းထိပြီး ဖမ်းခံလိုက်ရတယ်"လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံရသူတွေကတော့ ကိုဂူဆာ၊ ကိုဂူဆီးနဲ့ သူတို့ရဲ့ ယောက်ဖတော်စပ်သူ တဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က ပိတ်စွယ် ဟိုမှိုင်းဘုန်းကြီးကျောင်းအနီးမှာ သေနတ်အပြန်အလှန်ပစ်ခတ်သံတွေကြားခဲ့ရပြီး အထက ၂ ကျောင်းအနီးမှာလည်း ဗုံး ၃ လုံးပေါက်ကွဲခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်တွေက ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်တဲ့နေရာနားက နေအိမ်တွေမှာ စစ်ဆေးရှာဖွေနေကြပါတယ်။