ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ကနောင်မင်သားကြီးလမ်းပေါ် စစ်ကောင်စီ တပ်စွဲထားတဲ့ ရွှေလင်ပန်း မိုးလုံလေလုံအားကစားရုံနားမှာ နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရပ်ကွက်တွင်းနေသူ တစ်ဦးက “ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ ပြီးတော့ ပစ်တာ အတွဲလိုက်ပဲ ၁၅ ချက်လောက်ရှိတယ်။ တိုက်ပွဲဖြစ်နေတဲ့ အတိုင်းပဲ။ အိမ်နောက်ဘက်ကိုဝင်ပြီး ဝပ်နေရတယ်။ နောက်တော့ ရပ်လိုက်၊ နားလိုက်နဲ့ ထပ်ထပ်ပြီး ပစ်နေတာ။ အင်အားလည်း တော်တော်များတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှု၊ ပစ်ခတ်မှုများနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပေမဲ့ အတိအကျတော့ မသိရသေးပါဘူး။
အလားတူ လှိုင်သာယာ စနေမနဲ့ ငါးထိပ်ကြားမှာ စစ်တပ်တပ်စွဲထားတဲ့ တပ်မတော် အထည်ချုပ်စက်ရုံနားမှာလည်း နေ့လယ် ၂ နာရီလောက်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ဗုံပေါက်ရာကို အရပ်ဝတ်တွေနဲ့ လူတစ်စေ၊ ရဲကားတစ်စီး ရောက်လာပြီး စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။