စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းတို့မှာ နိုဝင်ဘာ ၁၄ ရက်ညက စစ်ကောင်စီယာဉ်တန်းတွေ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝက်လက်မြို့နယ် ရွာသာကြီး စံပြကျေးရွာအနောက်ဘက် ယင်းမတောကျေးရွာနဲ့ကြား သမ်းမ တံတားပေါ်မှာ ရွှေပန်းကုန်းရဲကင်းစခန်းက ရဲနဲ့စစ်သားအချို့ နိုဝင်ဘာ ၁၄ ရက် ည ၁၁ နာရီလောက်က ကင်းပတ်ပြန်လာချိန် အနောက်ခြမ်းပြောက်ကျားတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူ အများအပြားရှိတယ်လို့ သိရပါတယ်။
“အားလုံးဝိုင်းပစ်တာ ကားတစ်စီးလုံး ကျည်ထိမှန်ပြီး သူတို့ ပြန်ပစ်ချိန်မရဘဲ ကားမောင်း ထွက်ပြေးသွားတာ။ ကားလမ်းပေါ်မှာတော့ သွေးကွက်တွေ ကျန်ရစ်ခဲ့တယ်။ အထိအခိုက်အကျ အဆုံး အတိအကျ မသိရသေးဘူး” လို့ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ထိခိုက်မှု လုံးဝမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူ မကွေးတိုင်း ရေစကြိုမြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီလောက်က ပျူစောထီးနဲ့ စစ်ကောင်စီတို့ ပူးပေါင်းကင်းလှည့်ပြန်လာတဲ့စစ်ကား တာတိုင်ကျေးရွာနဲ့ သက်ရွာကျေးရွာ ကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။
ပညှင်းကျေးရွာ ရဲ့တောင်ဘက်ကနေ မြောက်ဆီကို အမြန်မောင်းနှင်သွားလာနေတဲ့ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။
“စစ်ကားက ဒရောသောပါး မောင်းသွားတာ လမ်းမှာ မိုင်းဆွဲခံရပုံပေါ်တယ်။ ဘယ်အဖွဲ့က လုပ်တာလဲတော့မသိဘူး။ PDF အဖွဲ့တွေထဲက တစ်ဖွဲ့ဖွဲ့ ဖြစ်ပါလိမ့်မယ်။ ပေါက်ကွဲမှုဖြစ်ပြီးတော့ သေနတ်သံတွေ တောက်လျောက်ကြားရတာပဲ၊ ပေါက်ကွဲမှုကတော့ ၄ ကြိမ်ဖြစ်တာကြားရတယ်။”
ပေါက်ကွဲမှုကြောင့် သေဆုံးသူ များပြားနိုင်ပြီး ကားလမ်းတစ်လျောက်လည်း လက်နက်ကြီးနဲ့ ပတ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ညမှာပဲ ပခုက္ကူ-ရေစကြို ကားလမ်းပိုင်းပေါ်က ၂၅၇ တပ်ရင်းနားမှာ ပေါက်ကွဲမှု ၁ ကြိမ်နဲ့ ပခန်းကြီးမြို့ဟောင်းနဲ့ ကံသစ်ကျေးရွာနားမှာ ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။