စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာအုပ်စု၊ ချောင်းနား၊ ရွာသစ်နဲ့ ရွာအိုင်းကျေးရွာ တွေမှာ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက အကြမ်းဖက်စစ်တပ်က နေအိမ်တချို့ကို မီးရှို့ပြီး တချို့နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦး-တမာတော-ကံထူးမလမ်းဘေးက အိမ်ခြေ ၃၀ ကျော်သာရှိတဲ့ ရွာအိုင်းကျေးရွာက နေအိမ် ၃ လုံးကို မီးရှို့သွားပြီး တအိမ်တက်ဆင်းရှာဖွေတာတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ရွာသစ်တောင်ရွာက ဦးသန်းမောင်အိမ်ကို ဝင်ရောက်ရှာဖွေကာ ရပ်ထားတဲ့ ကားနှစ်စီးကိုလည်း မှန်တွေ ခွဲသွားသလို ချောင်းနားရွာက နေအိမ်တစ်လုံးနဲ့ ကောက်ရိုးပုံ ၃ ပုံ မီးရှို့သွားပြီး အခြားနေအိမ်တွေကိုလည်း ဖျက်ဆီးထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာသစ်ဘုန်းကြီးကျောင်းဘက်ရောက်လာပြီး ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေကြတဲ့ ရွာသူရွာသားတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပြီး စစ်ကောင်စီတပ်တွေဟာ ညောင်စောက်ကျေးရွာကို ရောက်ရှိ တပ်စွဲ ထားတယ်လို့ သိရပါတယ်။
တရက်တည်းမှာပဲ ရေဦးမြို့နယ်ထဲက ညောင်လည်ရွာနဲ့ ရေမြက်ကျေးရွာတို့ကိုလည်း စီနင်း ဝင်ရောက်ဖျက်ဆီးတာတွေရှိတယ်လို့ သိရပါတယ်။