ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာမှာ နိုဝင်ဘာ ၁၃ ရက် ညဉ့်နက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ရမ်းသမ်းပစ်ခတ်တာကြောင့် လူနေအိမ်တွေ ကျည်ဆန်ထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကား ၅ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်တွေဟာ ကား ၄ စီးကို ရွာဘောလုံးကွင်းနားမှာ ရပ်ခဲ့ပြီး ကား ၁ စီးနဲ့ ရွာထဲဝင်လာကာ လယ်ကိုင်းရွာမှာ လာခိုလှုံနေတဲ့ လူ ၂ ယောက်ကို လာရှာတာလို့ အော်ဟစ်ပြောဆိုခဲ့ကြောင်း၊ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။
ဒေသခံတဦးက “စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ ရွာထဲကိုဝင်လာပြီး ရမ်းသမ်းပစ်လို့ သေသွားတဲ့လူက ကိုဖိုးဖြူ၊ အသက်က ၃၀ ကျော်ပါပဲ။ သူ့မိန်းမနဲ့ ၆ နှစ်အရွယ် သားလေးတစ်ယောက်ကျန်ခဲ့တယ်။ ကိုဖိုးဖြူက ရွာထဲမှာ ဆူညံနေတော့ သူ့အိမ်ရှေ့လမ်းပေါ်ကို ထွက်ကြည့်မိတဲ့အချိန်မှာ ကားပေါ်ကနေ ဆက်တိုက်ကို ဆွဲပစ်ပစ်သွားတာ။ အလောင်းကိုတော့ ရွာငံပရဟိတ လူမှူကူညီရေးအသင်းကားနဲ့ပဲ ရွာငံဆေးရုံ ပို့ပေးလိုက်တာပါ” လို့ ပြောပါတယ်။
ရွာထဲက ကိုအောင်လွင်နဲ့ ဦးမောင်ဌေးတို့ရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က လူရှာတာဆိုပြီး ဝင်ရောက်ရှာဖွေပြီး သေနတ်တွေ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အိမ်ပြတင်းပေါက်နဲ့ ခေါင်မိုးတို့ ကျည်ထိမှန် ပျက်စီးခဲ့ပြီး ကိုအောင်လွင်ကိုလည်း သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်တာကြောင့် ခေါင်းပေါက်သွားတယ်လို့ ဆိုပါတယ်။