မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးဟာ နိုဝင်ဘာ ၁၂ ရက် ည ၁၂ နာရီခွဲလောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ချောင်းဆုံမြို့မရဲစခန်း မျက်စောင်းထိုးမှာရှိတဲ့ ချောင်းဆုံမြို့နယ် အန်အယ်လ်ဒီပါတီရုံးကို အမည်မသိလူတစ်စု လာရောက်မိုင်းထောင်ပြီး ဖောက်ခွဲ ဖျက်ဆီးသွားတာ ဖြစ်ပြီး အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီမိုင်းထောင်ဖောက်ခွဲမှုဟာ ပေါက်ကွဲမှု ပြင်းထန်တဲ့အတွက်ကြောင့် အနီးဝန်းကျင်က လူနေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ချောင်းဆုံဒေသခံ တစ်ဦးက ပြောပါတယ်။
အန်အယ်ယ်ဒီပါတီရုံး မိုင်းခွဲ ဖျက်ဆီးတာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မွန်ပြည်နယ်မှာတော့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်တွေက မြို့နယ် အန်အယ်လ်ဒီ ပါတီရုံး ၅ ရုံး မိုင်းခွဲ ဖျက်ဆီးတာခံထားရပါတယ်။