ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မှာ ဆိုင်ကယ်တစီးကို လူတယောက်ပဲ စီးကြဖို့ စစ်ကောင်စီက လိုက်လံ ကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မြို့ပေါ်ရပ်ကွက်တွေမှာ လိုက်လံကြေညာခဲ့ပြီး ဒီနေ့မှာတော့ ရွာတချို့မှာလည်း ကြေညာနေပြီလို့ ဆိုပါတယ်။
“ဆိုင်ကယ်တစီးမှာ ၂ ယောက်မစီးဖို့၊ ဆိုင်ကယ်စီးဦးထုပ်ကိုလည်း မှန်မချဖို့ ကြေညာတယ်။ ပြီးတော့ Mask မတပ်ဖို့လည်း ကြေညာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
တွံတေး ဒေသခံတယောက်က “စစ်အာဏာရူးတွေဟာ PDF တွေကို မနိုင်တိုင်း တမြို့နယ်လုံးက ပြည်သူတွေကို ဒုက္ခအကြီးအကျယ်ပေးတယ်လို့ပဲ ခံစားရတယ်ဗျ။ ဆိုင်ကယ်ကယ်ရီသမားတွေ အလုပ်လုပ်လို့ မရတော့ဘူး။ ပြီးတော့ ဒါမျိုးက ဒီမြို့မှာတင် မဟုတ်ဘူး၊ တခြားမြို့တွေမှာလည်း လုပ်လာနိုင်တယ်။ ပြီးခဲ့တဲ့ရက်က ကော့မှူးမှာ ဒီလိုကြေညာတယ်”လို့ တွံတေး ဒေသခံတယောက်က ပြောပါတယ်။
ဆိုင်ကယ်မစီးတတ်သူဒါမှမဟုတ် အကူအညီလိုအပ်နေသူတွေအတွက် ဒါက လုံးဝ အဓိပ္ပာယ်မရှိတဲ့ ကြေညာချက်ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။