ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနဲ့ သိန္နီမြို့နယ်အတွင်း စစ်အင်အားတိုးချဲ့လာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းတွေကို MNDAA ကိုးကန့်တပ်တွေက နိုဝင်ဘာ ၁၁ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ကာ စစ်ကား ၉ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ပါတယ်။
မနေ့ မနက်ပိုင်းက သိန္နီမြို့ကနေ ကွမ်းလုံမြို့ဘက်ကို ချီတက်လာတဲ့ စစ်ကား ၂၈ စီးပါ ယာဉ်တန်းကို MNDAA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး ဖျက်ဆီးနိုင်ခဲ့သလို ညနေပိုင်းမှာလည်း ၃၇ မိုင်နဲ့ ၃၈ မိုင်ကြားမှာ စစ်ကောင်စီယာဉ်တန်းကို ထပ်မံတိုက်ခိုက်ပြီး စစ်ကား ၅ စီး ဖျက်ဆီးခဲ့နိုင်တယ်လို့ ဆိုပါတယ်။
အလားတူ မုံးကိုးခရိုင်၊ ဟွာချောင်ရှာစွန်းတောင်ကုန်းဘက်ကို စစ်ကူလာတဲ့ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကား ၂ စီးကို ထပ်မံဖျက်ဆီးခဲ့နိုင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ MNDAA တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် မနေ့ကညနေအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ကိုးကန့် မီဒီယာက သတင်းထုတ်ပါတယ်။