မကွေးမြို့မှာ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက တိုင်းစည်ပင်ရုံးနဲ့ တိုင်းပညာရေးမှူးရုံးနားမှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးတာတွေ ရှိနိုင်တယ်လို့ မကွေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
မကွေးမြို့မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်က ပြည်တော်သာလမ်းပေါ်က တိုင်းစည်ပင်ရုံးနဲ့ တက္ကသိုလ်လမ်းမှာရှိတဲ့ တိုင်းပညာရေးမှူးရုံးအနီးမှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“မကွေးတိုင်းစည်ပင်ရုံးနားမှာ ဗုံးပေါက်ကွဲတာ ဟုတ်ပါတယ်။ ပေါက်ကွဲသံက အကျယ်ကြီးပဲ မြေကြီးတောင်တုန်တယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ခြေရှုပ်နေလို့ သွားမကြည့်ရဲဘူး။ ထိခိုက်ပျက်စီးတာတော့ ရှိနိုင်တယ်။”
အဓိက ဖောက်ခွဲမှုကို မကွေးအခြေစိုက် No Chair ပြောက်ကျားတပ်ဖွဲ့နဲ့ ဗိဿနိုးနယ်မြေ PDF တပ်ရင်းတို့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်ဖောက်ခွဲခဲ့တာဖြစ်ပြီး ကြေညာချက်လည်း ထုတ်ပြန်ထား တယ်လို့ No Chair ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုင်းစည်ပင်ရုံးဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ ပြည်သူတွေဆီကနေ အခွန်ငွေတွေ အတင်းအကြပ် ကောက်ခံနေတာကြောင့် ဖောက်ခွဲရတာဖြစ်သလို တိုင်းပညာရေးမှူးရုံးကလည်း ကြမ်းဖက်စစ်အုပ်စုနဲ့ပူးပေါင်းပြီးတော့ စစ်ကျွန်ပညာရေးစနစ်ကို အကောင်ထည်ဖော်ပြီးတော့ CDM ဆရာ၊ဆရာမတွေကို ဖိအားပေးတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
ပြည်သူလူထူအနေနဲ့ စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်ရေးတိုက်ပွဲမှာ မိမိတို့တတ်နိုင်တဲ့ ဘက်ကနေ ပူးပေါင်းပါဝင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဝိုင်းဝန်းကူညီကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာ အကြမ်းဖက်စစ်အုပ်စုတွေ အင်အားအလုံးရင်းနဲ့ ရောက်လာပြီး မြို့ဝင်၊မြို့ထွက်ဂိတ်တွေ၊လမ်းဆုံးလမ်းခွတွေမှာ ခရီးသွား ပြည်သူတွေရဲ့ ကားတွေ၊ဆိုင်ကယ်တွေနဲ့ လက်ကိုင်ဖုန်းတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။