ကေအန်ယူထိန်းချုပ်နယ်မြေ မြိတ်-ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် နိုဝင်ဘာ ၁၁ ရက်နေ့က အမျိုးသမီးတဦး သေနတ်ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ခလရ (၂၈၅) တပ်ဖွဲ့ဝင်တွေဟာ မဒေါကျေးရွာမှာ နယ်မြေရှင်းလင်းမှု ပြုလုပ်ပြီးနောက် မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ် ထိန်းချုပ်နယ်မြေအတွင်းရှိ ပဝတ်ဖျား ကျေးရွာ နဲ့ ဒူးရင်းပင်ရှောင်ကျေးရွာအနီး ဂျက်ဂါးကျေးရွာကို ရောက်ရှိခဲ့ပြီး နယ်မြေ ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဂျက်ဂါးကျေးရွာ ရော်ဘာခြံက အလုပ်သမားတစ်ဦးဖြဖစ်တဲ့ မဝေလင်းသူ အသက် (၂၇) နှစ်အား ဒီနေ့မနက် ၃ နာရီဝန်းကျင်လောက်က အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ မဝေလင်းသူဟာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီးငယ်လေးတစ်ယောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း ပြီးခဲ့တဲ့ အောက်တိုဘာက စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ ထိတွေ့မှုတိုက်ပွဲ ကြိမ်ရေပေါင်း ၂၇၅ အကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။