မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၂ လမ်း၊ ၁၁၄ လမ်းနဲ့ ၁၁၅ လမ်းကြားရှိ ဆောက်လုပ်နေဆဲ ဖြစ်တဲ့ မြရည်နန္ဒာရပ်ကွက်ရုံးမှာ နိုဝင်ဘာလ ၁၁ ရက်က ဗုံး ၂ ကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ပထမအကြိမ် မနက် ၁၁ နာရီဝန်းကျင်မှာ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ ဒုတိယအကြိမ် နေ့လယ် ၁ နာရီကျော်မှာ ပေါက်ကွဲမှုမှာတော့ ရာအိမ်မှူး ဦးမွတ်တား ဗုံးထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“အရင်က မီးလောင်ထားလို့ ရပ်ကွက်ရုံးက အခုဆောက်နေတာ။ နှစ်ကြိမ် ကွဲတာမှာ ဒုတိယအကြိမ် ရာအိမ်မှူး ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူးလို့ကြားတယ်။” လို့ ရပ်ကွက်နေသူ တဦး က ပြောပါတယ်။
မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ မေလ ၁၀ ရက် ညက မီးလောင်ခဲ့တာကြောင့် အခုအခါ ပြန်လည်ဆောက်လုပ်နေတာဖြစ်ပါတယ်။