ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် တယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်တပ်သတင်းပေး ပြည်သူ့စစ်ခေါင်းဆောင် ကိုကျော်တင့်ဆိုသူကို ခုတင် ၅၀ ဆေးရုံရှေ့မှာ သေနတ်နဲ့ ပစ်ခတ် သတိပေးခဲ့တာလို့ ဧရာဝတီလင်းပိုင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။
“အဲ့လူက ဒလန် ကျနော်တို့စောင့်ကြည့်နေတာကြာပါပြီ သေချာစောင့်ကြည်ပြီးမှ သတိပေးတာပါ။ ဒေသခံ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ လုပ်နေတာ။”
ကိုကျော်တင့်ကို မော်ကျွန်း၊ ဝါးခယ်မမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ဧရာဝတီလင်းပိုင်းအဖွဲ့ပေါင်းပြီး ပစ်ခတ် သတိပေးခဲ့တာလို့ သိရပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ကိုကျော်တင့်ကို အခွင့်ရေးရပေမဲ့ အသေပစ်မသတ်ပဲ သတိပေးတဲ့အနေနဲ့သာ လုပ်ခဲ့တာဖြစ်ပြီး ရှေ့ဆက် လုပ်မယ်ဆိုရင်တော့ အသေပစ်သတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ပစ်ခံရပြီးနောက် ကိုကျော်တင့် ကို စစ်တပ်က လာရောက်ခေါ်ဆောင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း စစ်အုပ်စုခန့် ရပ်ကျေးစာရေး တယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါသေးတယ်။