ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တရားဥပဒေအရ အရေးယူနိုင်ဖို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေကြောင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတိ ပေးလိုက်ပါတယ်။
နိုဝင်ဘာ ၉ ရက် ရက်စွဲနဲ့ သတိပေးထုတ်ပြန်ချက်ထဲမှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဖက်ဆစ်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်ကတည်းက အခုချိန်အထိ ၉ လကျော် ကာလအတွင်း ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ရက်ဆက် ကျူးလွန်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
အရပ်သားပြည်သူတွေကို အကြမ်းဖက်ဆစ်စစ်တပ်က ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ် ညှဉ်းပန်းနှိပ်စက်တာ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စစ်ဆေးတာတွေနဲ့ အသေရိုက်နှက် သတ်ဖြတ်နေတာ၊ အကျဉ်းထောင်တွေအတွင်း လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ စစ်ဆင်ရေးတွေမှာ လူသားဒိုင်းတွေ အသုံးပြုနေတာ၊ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေ ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လူနေအိမ်တွေနဲ့ ဘာသာရေးအဆောက်အဦတွေကို မီးလောင်တိုက်သွင်း ဖျက်ဆီးတာ၊ အဖိုးတန်လက်ဝတ်ပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ခိုးယူတာ ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင် စီ ဖက်ဆစ်စစ်တပ်တွေရဲ့ ဖျက်ဆီးမှုကြောင့် တိုင်းနဲ့ ပြည်နယ် ၇ ခုက ကျေးရွာ ပေါင်း ၅၆ ရွာနဲ့ မြို့တစ်မြို့မှာ အရပ်သားလူနေအိမ်၊ ရုံးနဲ့ ဘာသာရေးအဆောက်အအုံ ၅၂၀ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ NUG က ပြောပါတယ်။
ဒါကြောင့်မို့ အာဏာသိမ်းအကြမ်းဖက် ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေအနေနဲ့ လူသားမျိုးနွယ်အပေါ် ရည်ရွက်ချက်ရှိရှိ ကျူးလွန်နေတဲ့ ဖက်ဆစ် လုပ်ရပ်တွေကို ချက်ချင်း ရပ်တန်းက ရပ်ဖို့ သတိပေးထားပါတယ်။
ပြည်သူလူထုဘက်ကလည်း အကြမ်းဖက်စစ်တပ်ရဲ့ မတရားကျူးလွန်မှုတွေကို မှန်ကန် တဲ့ အချက်အလက်တွေ ပေးပို့တိုင်ကြားခြင်းနဲ့ ပူးပေါင်းပါဝင်နိုင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း စစ်ဘေးရှောင်တွေအတွက် ကူညီပေးကြဖို့ တိုက်တွန်းနိုးဆော်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ မတရားစစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးကနေ ဆန့်ကျင် တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေး ၉ လကျော်ကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
ဒါ့အပြင် တိုင်းနဲ့ပြည်နယ်အနှံ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ် ကောင်စီတပ်တွေကြား တိုက်ပွဲတွေ၊ မြို့ပြပြောက်ကျားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ချက်မှာတော့ ၉ လကျော်အတွင်း စစ်တပ် ပစ်သတ်မှုကြောင့် ပြည်သူ ၁၂၄၄ ဦးကျဆုံးခဲ့ပြီး ၉၉၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။