အမျိုးသားညီညွတ်ရေးအစိုးရက ခုခံတွန်းလှန်စစ်စတင်ပြီလို့ ကြေညာတဲ့နောက်ပိုင်း စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံဖို့စာရင်းပေးလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တွန်းလှန်စစ်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်နေ့ကစလို့ ပြည်သူ့ရင်ခွင် ခိုလှုံလိုတယ်လို့ ဆက်သွယ်လာတဲ့ တပ်သားနဲ့ ရဲတွေ နေ့စဉ် တိုးပွားလာနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အောက်တိုဘာ ၈ ရက်ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်းဆက်သွယ်လာသူ တပ်သား ၁၅၅ ယောက်၊ ရဲ ၁၆၁ ယောက်၊ စုစုပေါင်း ၃၁၆ ယောက်ရှိတယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒါဟာ ပြည်သူ့ရင်ခွင်အဖွဲ့တခုတည်းကို ဆက်သွယ်လာတဲ့ အရေအတွက်ဖြစ်ပြီး လွတ်မြောက်နယ်မြေတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ရောက်နေတဲ့ စာရင်းအချက်အလက်တွေ မပါသေးပါဘူး။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရဲဌာနထဲကနေ နေ့စဉ် အရေးကြီးသတင်းပေးပို့နေတဲ့ ပြည်သူ့ဘက်တော်သားတွေကိုလည်း အထူးကျေးဇူးတင်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံတော် အာဏာကို တရားမဝင် သိမ်းယူပြီးနောက် စစ်အာဏာရှင်လက်အောက်ကနေ ပြည်သူဘက်ကို ကူးပြောင်းပူးပေါင်းလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ ဝင်တွေကလည်း ထောင်ချီရှိနေပြီဖြစ်ပါတယ်။