စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မြဝတီ ဆက်ဆံရေးရုံးက ရဲဘော် ၄ ဦး နိုဝင်ဘာ ၅ ရက်နေ့က ပြန်လွတ်လာတယ်လို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ဒီဗွီဘီကို ပြောပါတယ်။
နိုဝင်ဘာ ၂ ရက်က ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ရှိ ဆက်ဆံရေးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့တာဝန်ခံ ရဲဘော်အောင်ဘော်၊ ရဲဘော်တင်စိုး၊ ရဲဘော်ကပ္ပလီနဲ့ ရဲဘော် ခင်မောင်ဝင်းတို့ကို စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေက ဖမ်းသွားခဲ့တာပါ။
"ရဲဘော် ၄ ယောက်ကို ကောင်းကောင်းပဲခေါ်သွားတာပါ။ ဧည့်ရိပ်သာမှာထားတယ်။ အထက် အမိန့်အရ ခေါ်ထားတာလို့ ပြောကြတယ်။ ၄ ရက်ကြာတော့ ပြန်လွှတ်တယ်။ ဒါပါပဲ။" လို့ ရဲဘော်သံခဲက ပြောပါတယ်။
၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော် ဟာ အခု နိုဝင်ဘာ ၁ ရက်က ၃၃ နှစ်ပြည့်ခဲ့ပြီး နှစ်ပတ်လည် ထုတ်ပြန်ချက်မှာတော့ ABSDF က "စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး အင်အားစုတွေနဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမယ်။ " လို့ ကြေညာထားခဲ့ပါတယ်။
ABSDF ဟာ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ တဖွဲ့အပါအဝင် ဖြစ်ပါတယ်။