စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ရွာကို မနေ့ညက အကြမ်းဖက်စစ်သားတွေ ဝင်လာပြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ည ၈ နာရီလောက်မှာ မြို့ပေါ်က စစ်သားတွေ အိမ်စီးကား ၄ စီးနဲ့ ရောက်လာပြီး အိမ်မှားဝင်ရောက်ရှာဖွေရာမှာ ထွက်ပြေးတဲ့ မိန်းကလေးတယောက်ကို ပစ်သတ်လိုက်တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“သူတို့က သပိတ်ကော်မတီဝင်တယောက်ကို လာရှာတာ။ အိမ်မှားဝင်ပြီးရှာတော့ အဲဒီမှာ ငွေပန်းကြိုးသီနေတဲ့ မိန်းကလေးတွေရှိတယ်။ အားလုံးက ကြောင်ကြည့်နေတုန်း ခုပစ်ခံရတဲ့ မိန်းကလေးက ထပြေးတာ၊ အဲဒီအချိန် ပစ်ခံရတာပဲ။ မှန်တုန်းက မသေသေးဘူး။ ရင်ဘတ်မှာ တချက်ထိတယ်။ ဆေးကုပေးမယ်ဆိုပြီး ကားပေါ် အတင်းကောက်တင်သွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
သေဆုံးသူ မမြလေးနွယ်ဟာ အသက် ၂၈ နှစ်ဝန်းကျင်ရှိပြီး ဉာဏ်ရည်မမီသူတယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၁၁ နာရီလောက်မှာတော့ အလောင်းကို ပြန်လာပို့ပြီး ၁၂ နာရီခွဲမှာ ရွာမှာပဲ သင်္ဂြိုဟ်ပြီးခဲ့ပါတယ်။
အကြမ်းဖက်စစ်သားတွေဟာ ပတ်ဝန်းကျင်က နောက်ထပ် လူနေအိမ် ၃ လုံးကိုလည်း ဝင်ရောက်ရှာဖွေခဲ့ပြီး အိမ်တအိမ်ဆီကနေ ငွေကျပ် ၆ သိန်း အဓမ္မယူသွားခဲ့တယ်လို့လည်း ဒေသတွေက ပြောပါတယ်။