Home
မြန်မာသတင်း
မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံး
DVB
·
November 8, 2021
Mindat

ချင်းပြည်နယ် မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ ၄ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား အယောက်  ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။

နိုဝင်ဘာ ၃ ရက်က  သံချပ်ကာကား ၂ စီးအပါအဝင် စစ်ကား ၇၅ စီးကို ချင်းပြည်ကာကွယ်ရေးတပ် မင်းတပ်(CDF-MINDAT)က မတူပီ-မင်းတပ် လမ်းကြားတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေဆုံးခဲ့သလို အဲဒီတိုက်ပွဲမှာ CDF-MINDAT က ၃ ယောက် ဒဏ်ရာရပြီး အသက် ၇၃ နှစ်အရွယ် ပညာရေးအငြိမ်းစား ရဲဘော်တယောက်ဟာ ဒဏ်ရာ ပြင်းထန်လို့ ကျဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ မင်းတပ်-မတူပီလမ်း ၆ မိုင်အကျော်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ပဒေသာမိုင်းကြောင့် ၅ ယောက်လောက်ကျဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့  CDF-MINDAT ကထုတ်ပြန်ပါတယ်။

နေ့လယ်ပိုင်းမှာလည်း မင်းတပ်-မတူပီ မိုင်တိုင် ၄၃ မှာ မတူပီကနေ ပြန်ဆင်းလာတဲ့ သံချပ်ကာ ၂ စီးပါတဲ့ ယာဉ်တန်းကို CDF-MINDAT က ရှေ့နောက် ညှပ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးက ကားကို တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီတပ်သားက ကားကို မောင်းပြေးတာကြောင့် ကားအောက်မှာ ဝပ်နေသူတွေ အကာအကွယ်မဲ့ပြီး အကျအဆုံးများတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၆ ရက် မနက်ပိုင်းမှာလည်း ၃၁ မိုင်ကိုရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းရှည်ကို CDF-MINDAT နဲ့ ဒေသခံရွာသားတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီတပ်သား ၈ ယောက်လောက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လွန်ခဲ့တဲ့ တပတ်က မတူပီကိုလာတဲ့လမ်းမှာ ရွာသားတွေရဲ့ နွားနောက်တွေကို သတ်စားတာ၊ အိုးအိမ်တွေကို ဖျက်စီးတာတွေကြောင့် ရွာသားတွေလည်း ပါဝင်တိုက်ခိုက်လာကြတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက မိုင်တိုင် ၂၆ ဝန်းကျင်မှာ စစ်ကောင်စီယာဉ်တန်း ရှေ့ကင်းထွက်လာသူတွေကို CDF-MINDAT က ဆီးကြိုတိုက်ခိုက်ခဲ့လို့ ၁၀ ယောက်လုံး သေခဲ့ပြီး နောက်ဘက် ယာဉ်တန်းက လက်နက်ကြီးတွေ၊ သံချပ်ကာကားက စက်သေနတ်တွေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တယ်လို့ CDF-MINDAT က ထုတ်ပြန်ထားပါတယ်။

နေ့လယ်ပိုင်းမှာလည်း ယာဉ်တန်းကို အနီးကပ်ဝင်တိုက်ခဲ့ပြီး CDF-MINDAT ရဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် စစ်ကောင်စီဘက်က ၈ ယောက်လောက်သေဆုံးတယ်လို့ ဆိုပါတယ်။ ၃၁ မိုင်ဝန်းကျင် လမ်းဘေးမှာ ရဲတယောက် အလောင်းကို မြေမြှုပ်ထားတာတွေ့ရပြီး စစ်ကြောင်းမှာ ရဲတွေ၊ မီးသတ်တွေလည်း ပါလာတယ်လို့ ယူဆကြောင်း CDF-MINDAT က ထုတ်ပြန်ပါတယ်။

ဒီမနက် ၁၀ နာရီဝန်းကျင်မှာလည်း ကလေးမြို့ ကနေ ချင်းတောင်ကိုတက်လာတဲ့ စစ်ကောင်စီကားတွေကို PDF Zoland နဲ့ CDM Siyin တို့ပူးပေါင်းဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်တဲ့အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။

မင်းတပ်မြို့မှာ စစ်ကောင်စီဘက်က လေယာဉ်တွေသုံးပြီး တိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ အတည်ပြုလို့တော့ မရသေးပါဘူး။

ဓာတ်ပုံ -Yaw Mang

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024