မကွေးတိုင်း၊ နတ်မောက်မြို့ရှိ မြို့နယ်ပညာရေးမှူးရုံးမှာ CDM မလုပ်ဘဲ တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက်မြို့နယ်ပညာရေးမှူး တယောက် ပြီးခဲ့တဲ့ ရက်ပိုင်းက အသတ်ခံလိုက်ရပြီး နိုဝင်ဘာ ၄ ရက်မှာ အလောင်းပြန်တွေ့ပြီလို့ သိရပါတယ်။
အသက် ၅၉ နှစ်အရွယ်ရှိ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းဟာ နိုဝင်ဘာ ၁ ရက်နေ့က အလုပ်ကနေ သူနေထိုင်တဲ့ လက်ခုပ်ပင်ကျေးရွာကိုအပြန် လမ်းမှာ အသတ်ခံလိုက်ရတာလို့ သူနဲ့နီးစပ်တဲ့ ဒေသခံ တဦးက ပြောပါတယ်။
“သူ့ရွာလက်ခုပ်ပင် ကိုပြန်တာ။ နောက်ရက်တွေ ရုံးလာတာမတွေ့တော့မှ ဆက်သွယ်မရတော့လို့ လိုက်ရှာကြတော့ ကြူအိုင်ရွာနားက ယာတောအစပ်မှာ နိုဝင်ဘာ ၄ ရက်နေ့ကမှ အလောင်းပြန်တွေ့တယ်။”
ဦးခင်မောင်သန်း သေဆုံးမှုနဲ့ပတ်သက်ပြီး နတ်မောက်မြို့နယ်ပညာရေးမှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ''သူ အသတ်ခံရတာဟုတ်ပါတယ်'' လို့ အတည်ပြုပြောဆိုပြီး ဘာကြောင့် အသတ်ခံရတာလည်းဆိုတာကိုတော့ မသိရသေးပါဘူး။
နတ်မောက်မြို့နယ်၊ ရဲစခန်းကိုဆက်သွယ်မေးမြန်းရာမှာလည်း ''သေဆုံးသူမှာ လည်ပင်းပြတ်ရှ ဒဏ်ရာရရှိထားပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်'' လို့ ပြန်လည်ဖြေကြားပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ''သူတို့လက်ချက်မဟုတ်ပါဘူး။ လုပ်ပြီးရင်လည်းကြေညာချက်ထုတ်ပါတယ်'' လို့ ပြောဆိုပါတယ်။
အခုရက်ပိုင်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ အပြိုင်အဆိုင်နုတ်ထွက်နေကြသလို လက်ခုပ်ပင်ကျေးရွာကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းတာ ၃ ကြိမ်ထက်မနည်းရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၆ ရက် မနက် ၈ နာရီလောက်ကလည်း မကွေးတိုင်း၊ မင်းဘူးမြို့၊ မြို့နယ်စည်ပင်သာယာရေးရုံးကို လက်လုပ်ဗုံးနဲ့အပစ်ခံရလို့ ရုံးခေါင်မိုးပျက်စီးသွားပြီး စစ်တပ်က မင်းဘူးမြို့အပြင် မကွေးမြို့မှာပါ ပိတ်ဆို့စစ်ဆေးနေပါတယ်။