ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာမှာ နိုဝင်ဘာ ၅ ရက်မနက်ပိုင်းက ရဲတပ်ဖွဲ့ကားတစ်စီး မိုင်းဖောက်ခွဲခံရတယ်လို့ သိရပါတယ်။
မှော်စီစာကျေးရွာ အ.ထ.က (ခွဲ) ကျောင်းအနီး ရပ်ထားတဲ့ ရဲကားတစ်စီး မနက် ၈ နာရီခွဲလောက် မိုင်းခွဲခံရတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
"မိုင်းပေါက်ကွဲသံအတော်ကျယ်တယ်။ ရပ်ထားတဲ့ ရဲကား မိုင်းခွဲခံရတာ။ ကားတော့မှန်တွေ ကွဲသွားတယ်။ လူကတော့ ကားပေါ်မရှိတဲ့အတွက် ထိခိုက်တာမရှိဘူး" လို့ မှော်စီစာ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
မိုင်းခွဲခံရတာကြောင့် ရဲကားပျက်စီးသွားပြီး လုံခြုံရေးယူတဲ့ ရဲတပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ဒဏ်ရာရတာမတွေ့ရဘူးလို့ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ခဲ့သူ ရွာသားတစ်ဦးကလည်းပြောပါတယ် ။
"ရဲကားက စာသင်ကျောင်းမျက်စောင်းထိုးလောက် ဘုရားကုန်းနားမှာ ရပ်ထားတာ ၊အဲ့ရဲကားကို ခွဲလိုက်တာ၊ ကားမှန်တွေတော့ ကွဲသွားတယ်။ တစ်ကြိမ်ပဲ ပေါက်ကွဲတာ"လို့ ပြောပါတယ် ။
ပေါက်ကွဲမှုဟာ အသံကျယ်လောင်ခဲ့ပြီး ပတ်ဝန်းကျင်တခုလုံး တုံခါသွားခဲ့တယ်လို့လည်း ဆက်လက်ပြောပါတယ်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ သြဂုတ် ၁၉ ရက်ကလည်း ရဲကားနှစ်စီးကင်းလှည့်နေချိန် အမည်မသိ လက်နှက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် ဒုတပ်ကြပ် နယ်ထိန်း တယောက် သေဆုံးခဲ့ပါတယ်။
ဖားကန့်မြို့နယ်မှာ အစိုးရရုံးတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေမှာ မိုင်းပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပေမဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေကတော့ မှော်တွေမှာ လုပ်ဆောင်နေပြီး အင်တာနက် ဖြတ်တောက်ခံထားရတာလည်း သုံးလ နီးပါးရှိပြီဖြစ်ပါတယ်။