ချင်းပြည်နယ်အပါအဝင် မြန်မာပြည်သူလူထုတွေအပေါ်မှာ စစ်ကောင်စီက လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု နဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က နိုဝင်ဘာ ၃ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာ ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ချင်ပြည်နယ်အတွင်း ပြည်သူလူထုတွေ၊ လူနေအိမ်တွေနဲ့ ခရစ်ယာန်ဘုရားကျောင်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ရက်ရက်စက်စက် ပြုလုပ်နေတာနဲ့ မြန်မာနိုင်ငံနေရာအနှံ့ စစ်အင်အား တိုးချဲ့ စစ်ဆင်နေတဲ့အပေါ် ကန့်ကွက်တဲ့အကြောင်းနဲ့ အထူး စိုးရိမ်မိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကရင်နီပြည်နယ်အတွင်းမှာလည်း လူနေအိမ်တွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေ ဖျက်ဆီးတာ၊ အပြစ်မဲ့ ပြည်သူတွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေမှု အလားတူ လုပ်ဆောင်နေတယ်လို့လည်း KNPP ကဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်တဲ့ နိုင်ငံရေး ဆန္ဒတွေကို ဥပက္ခာပြုပြီး မိမိတို့ရဲ့ နိုင်ငံရေးတောင်းဆိုမှုကို ဖျက်ဆီးဖို့ တမင်ရည်ရွယ် လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
မိမိတို့ တိုင်းရင်းသားလူမျိုးတွေရဲ့ နိုင်ငံရေးဦးတည်ချက်ရည်မှန်းချက်တွေအတွက် ဆက်လက်တိုက်ပွဲဝင်ပြီး ကြိုးပမ်းသွားမယ်လို့လည်း KNPP က ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ မြန်မာစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဒဏ်ကြောင့် ချင်းပြည်နယ် ထန်တလန်မြို့ရှိ ဘုရားရှိခိုးကျောင်း ၂ ကျောင်းအပါအဝင် ဒေသခံပြည်သူတွေရဲ့ အိမ်ခြေ ၁၀၀ ကျော် မီးစွဲလောင် ပျက်စီးခဲ့ရတာဖြစ်ပါတယ်။