မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာမှာ နေထိုင်ပြီး အာဏာဖီဆန် CDM မှာပါဝင်တဲ့ အထက်တန်းပြ ကျောင်းဆရာ ၁ ဦးဟာ အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးစခန်းမှာ နိုဝင်ဘာ ၂ နေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။
ဆွေမျိုးနီးစပ်သူတဦးက “နိုဝင်ဘာလ ၁ ရက်နေ့က ဖမ်းသွားပြီး ၂ ရက်နေ့မှာ ဆုံးသွားတယ်တဲ့။ အလောင်းပြန်မပေးဘူး။ ရက်ရက်စက်စက် နှိပ်စက်လို့ ဆုံးသွားတယ်လို့ သိရတယ်။ အလောင်းကို သင်္ဂြိုဟ်ပြီးမှ မိသားစုကို အကြောင်းကြားတယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှာ အထက်တန်းပြကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်လာသူ ဦးဝင်းလွင် ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂကလည်း ဆရာဦးဝင်းလွင်ရဲ့ မှန်ကန်ပြင်းပြသော ရပ်တည်ချက်နဲ့ ခံယူချက်၊ တိုင်းပြည်အပေါ် အသက်ပေးဆောင်ရွက်ခဲ့မှုများကို ထပ်လောင်းဂုဏ်ယူအလေးပြုကြောင်း၊ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရကြောင်း ထုတ်ပြန်ထားပါတယ်။