မကွေးတိုင်း ချောက်မြို့နယ် ဂွေးပင်ကျေးရွာမှာ PDF ကို ထောက်ပံ့တယ်ဆိုပြီး စစ်တပ်က အောက်တိုဘာ ၃၁ ညပိုင်းက စွပ်စွဲဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောင်းဆရာ ညီအစ်ကို ၃ ဦးထဲက ၁ ဦး စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ချောက်မြို့အခြေစိုက် ခလရ ၁၃ က ညီအစ်ကို ၃ ဦးကို ဖမ်းဆီးသွားပြီး စစ်ကြောရေးမှာ နှိပ်စက်မှုကြောင့် ကျောင်းဆရာ ဘော်ဒါအုပ် ကိုဖြိုးဝေထွန်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူဒေသခံတစ်ဦးက “ညီအစ်ကို ၃ ယောက်ဖမ်းသွားတာ ကိုဖြိုးဝေထွန်းက ဆုံးသွားပြီ။ အလောင်းကတော့ စစ်တပ်က သင်္ဂြိုဟ်လိုက်တယ်ပြောတယ်။ ကျန်တဲ့ ညီနှစ်ဦးလည်း စစ်ကြောရေးမှာ အရမ်းနှိပ်စက်ခံထားရပြီး ကျန်းမာရေး လုံးဝမကောင်းတော့ဘူးလို့ ကြားနေရတယ်” လို့ ပြောပါတယ်။
ဂွေးပင်ရွာက ကိုဖြိုးဝေထွန်း၊ ကိုဘုန်းဝေထွန်း၊ ကိုရှိုးဝေထွန်းတို့ ညီအစ်ကို ၃ ယောက်ကို ချောက်မြို့ အခြေစိုက် ခလရ ၁၃က အောက်တိုဘာ ၃၁ ရက် ည ၁၂ နာရီဝန်းကျင်က ဖမ်းဆီးခေါ်ဆောင်သွားပြီး နိုဝင်ဘာ ၁ ရက် မနက်ပိုင်းမှာ ကိုဖြိုးဝေထွန်း သေသွားဆိုပြီး အိမ်ကိုလာအကြောင်းကြားတာလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ထွန်းလင်းဇမ္ဗူ ဘော်ဒါအုပ် ကိုဖြိုးဝေထွန်းရဲ့ အရိုးပြာကို မိသားစုကို စစ်တပ်က လာပေးကြောင်း၊ ကျန်တဲ့ ညီအစ်ကို ၂ ယောက်အခြေအနေကို တိတိကျကျ မသိရှိရသေးသလို ဂွေးပင်ရွာသားအချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။