မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် အောက်အိုရွာမှာ ဒီကနေ့မနက် ၈ နာရီလောက်က ပျူစောထီးခေါင်းဆောင်တစ်ယောက် သေနတ်နဲ့ အပစ်ခံရပြီး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“သေနတ်ပစ်သံ အကျယ်ကြီးတစ်ချက်ကြားလိုက်ရပြီး ပျူစောထီးခေါင်းဆောင်ရဲ့ဆီးခုံကို ထိမှန်သွားတယ်။ ဒာဏ်ရာပြင်းထန်တာကြောင့် ရေစကြိုဆေးရုံကို ပိုဆောင်လိုက်ကြတယ်။ သေမသေ မသိရသေးပေမယ့် အသက်ရှင်ဖို့တော့ သိပ်မလွယ်ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီပျူစောထီးခေါင်းဆောင်ဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းကာ စစ်တပ်ခေါ်လိုက်ရမလားဆိုပြီး ခြိမ်းခြောက်တာ၊ ပျူစောထီးတွေကို စုပြီးတော့ သင်တန်းပေးတာအပါအဝင် ရွာကို နည်ပေါင်းစုံနဲ့ ဒုက္ခပေးနေတာကြောင့် ပစ်ခတ်ခံခဲ့ရတာလို့ ပြောပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့စည်းရဲ့ လက်ချက်ဆိုတာကိုတော့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြေညာချက် မထုတ်ပြန်သေးပါဘူး။
ရေစကြိုမြို့ ထွေအုပ်ရုံးထဲမှာ မနေ့ညကလည်း စစ်ကောင်စီတပ်သား အချင်းချင်း စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သားတစ်ယောက် သေဆုံးသွားပြီး အလောင်းကို ရေစကြိုဆေးရုံက ရင်ခွဲရုံပို့ထားတယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ရေစကြို မြို့နယ်ထွေအုပ်ရုံးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားအင်အား ၃၀ လောက် အရပ်ဝတ်နဲ့ တပ်စွဲထားတယ်လို့ ရေစကြို မြို့ခံတွေဆီကနေ သိရပါတယ်။